Sunday, January 23, 2011

မွေးနေ့လက်ဆောင် ကဗျာ


ဝင်း ပတဲ့နစ်သစ်နေရောင်နဲ့အတူ

မာ စေကြောင်းတောင်းဆုချွေရင်း

လာ ခြင်းကောင်းတဲ့ ကံကြမ္မာတွေကို သည်ဆောင်လာတဲ့ နစ်သစ်မင်္ဂလာမှာနေ့မှသည် -

ထွန်း လင်းပညာ နေမင်းပမာ ၀င်းပစေ၊

နှစ် ကိုယ်တူချစ်ခြင်းများ ကြယ်ပေါင်းဝန်းရံ လမင်းပမာ အေးချမ်းစေ။

သစ် လွင်တောက်ပတဲ့စိတ်နဲ့ အားကိုးရတဲ့ ကုသိုလ်ပညာဥစ္စာ ရတနာများကိုရှာပါလေ..

မှာ တမ်းကဗျာမော်ကွန်းတစ်စောင်နဲ့ ဆုချွေတောင်း

အောင် မြင်မှုအပေါင်းလည်း ရနိုင်စေ။

မြင် ကြား - သိ - တတ် လေ့လာမှတ်သား

နိင် ငံ- ကိုယ့်အကျိုး - များအကျိုး သည်ပို့းဆောင်ရွက်နိုင်ပါစေ။

ပါ ၀င်ရွက်ဆောင် လမ်းပြဆောင် အမှောင်ကင်းလို့ လင်းပါစေ။

စေ တနမှန် ကောင်းသည့်ကံ သင့်ထံမုချ ရောက်ပါစေ။

ဝင်းမာလာထွန်း အေးချမ်းပါစေ

Saturday, January 22, 2011

ဆန္ဒ


သူများမအားမှ၊

ငါအားနုတ်ဆက် ၊ စိတ်မပျက်ပါ၊

အဖြည့်ခံသက်သက်၊ ဖြစ်နေလျှက်လည်း

ဆက်လက်ခင်မင်၊ သံယောဇဉ်ထား၊

စိတ်ထဲမသို ၊ ဟုတ်တိုင်းဆိုပြီး

မိတ်ဆွေကောင်းဆိုတာပြချင်သည်။

သူလည်းသူ့စိတ်၊ သူ့ဝိတ်သူထမ်း၊

သူ့လမ်းသူသွား၊ တစ်လမ်းမောင်းသမား၊ ဖြစ်နေငြားလည်း၊

သူအား မမုန်း ၊ ငါ့နှလုံးက အပြုံးမပျက်ရှိနေသည်။

အမုန်းမလို၊ အရှုံးဆိုဝေး၊ အတွေးမျှပင် ၊ မကြားချင်ကြ

သဘာဝမို့၊ အောက်ကြို့လျှော့ပေး၊ ဆက်ဆံရေးနဲ့

စိတ်အေးချမ်းမြနေချင်သည်။

အဖေ့အကြောင်း

ပေါက်စီလေးရေ.....အော် စကားမစပ်ပြောရဦးမယ် အဖေ့အကြောင်းလေး မောင်ရင့်ကို ဖေါက်သည်ချရတာပေါ့ တို့ရွာမှာက နာမည်ကြီးကွ တို့ အဖေက နာမည်ကတော့ လေပေါအောင်သိန်း တဲ့ ဟီး။ ဒါသူ ဂုဏ်ထူးပေါ့ အော် သူက ပေါက်တတ်ကရပြောတာတော့မဟုတ်ဖူး သူစကားပြောရင် ခပ်တည်တည်နဲ့ ဘေးနားကလူတွေ တစ်ဝါးဝါးရီကျရတယ်။ ချစ်စနိုးနဲ့ ခေါ်ကြတာပါ။
ငါ ၁၂ နစ်သားအရွယ် မုံရွာမြို့ကို စာသင်လာမယ်လုပ်တော့ သင်္ဘောပေါ်မတက်ခင်လေးမှာ အမေကတော့ တစ်ရွတ်ရွတ် ငိုနေလေရဲ့ ။ အဖေကတော့တစ်မျိုးက ပြုံးပြုံးလေးနေတာ ( သူကျွေးရမဲ့ သားတစ်ယောက်ရော့သွားပြီ၊ တာဝန်ပေါ့သွားပြီလို့များ တွေးနေလားမသိဘူး ၊ စကားချပ် ) ။
အဖေက ဘာမှ ထူးထူးထွေထွေမမှာဘူး ငါ့သားဘယ်နေရာရောက်ရောက် လူရှုံးချင်ရှုံးပစေ လေ တော့ အရှူံးမခံနဲ့ တဲ့၊ တကယ်ပါ အဲဒီအတိုင်းပဲ။ ဒီလိုနဲ့ ကိုယ်လည်း တက္ကသိုလ်ပြီးတော့ BA ( ဓမ္မာစရိယ) ဘွဲ့ယူတဲ့အခန်းနားကို အဖေ အမေနဲ့အတူတက်တယ်။ ပြီးတော့ ကိုယ်က ပြောတယ် အဖေ သားတော့ BA ဘွဲ့ရပြီ ဘာဆက်လုပ်ရမှန်းမသိတော့ဘူး။ အိန္ဒိယက ဗာရာဏသီမှာ ဘွဲ့ တစ်ခု ယူရမလား၊ ဘုံဘေမှာ ဗုဒ်ဓစ်စတာဒီး (Buddhist study) ပဲလုပ်ရမလား ဘာလုပ်လုပ်ဘာကိုင်ရမှန်း မသိတော့ ရောင်တောင်တောင်ဖြစ်နေပြီ လို့ ပြောတော့ အဖေက တစ်ခွန်းတည်းပြောတယ်။ အော် အဖက ကိုယ်ပြောတဲ့အထဲမှ ဘကုံးနဲ့ ဗထက်ချိုက်တွေ များနေတာ သတိထားမိပုံရတယ်။ အဖေကလည်းခေသူမဟုတ်ဆိုတော့ ဘာပြောလည်းဆိုတော့.........
ဘုန်းဘုန်း ဘာဘာညာညာ တွေတွေးမနေနဲ့ ဘွဲ့လည်းရပြီးပြီ ဘုန်းဘုန်းပြောတဲ့ ဗုဒ်ဓစ် စတားဒီးတွေ ဘွဲ့တွေ ဘာလုပ်တော့မှာလည်းဘုရား မန္တလေးမှာနေ ဘုံလောင်းတိုး ဗိုက်ဝအောင်စားပြီး ဘာဝနာပဲ လုပ်စမ်းပါ ဒါမှ ဗုဒ္ဓလမ်းစဉ်ဘုရား တဲ့ ကဲ့ မှတ်ပြီလား အဲလိုကွ တို့အဖေက တွယ်စရာ ရှိရင် သားအဖချင်းတောင်မညာဘူးကွနော်။ ကြွားစရာရှိလည်း သားအဖချင်းမရှောင်ဘူးကြွားတာပဲ အဲဒါကိုက အဖေအတွက် ချစ်စရာတစ်ခုပေါ့ဗျား တစ်ရွာလုံးကလည်း ပျင်းလိုက်တာကွာ ဦးအောင်သိန်းခေါ်ကြပါကွ တဲ့ အဲလို နာမည်တစ်လုံးနဲ့ နေလာတာ။ ကိုယ်ကတော့ အဖေ့ခြေရာ ဘယ်နှင်းနိုင်မလည်းကွာ အခုမှ လေ့လာတုန်းဆိုတော့ ဒါပေမဲ့ပေါ့ ကိုလည်း တစ်ခုတော့ပြောခဲ့ဦးမယ် ဘာမှလုပ်စရာမရှိဘူး ဆိုပြီး ဘာဘာညာညာတွေလည်း မလုပ်နဲ့ ဘာစီလိုနာနဲ့ ဘိုင်ယန်ပွဲကောင်းတယ်ဆိုပြီး ဗိုက်၀၀စားပြီး အကြာကြီးထိုင်မကြည့်နဲ့ တော်ကြာမှ ဘောအောင့် ဗိုက်နာဖြစ်ပြီး ဘာရောဂါလည်း လို့ ဘေးက မေးရင် ဘယ်လိုပြောရမှန်းမသိနဲ့ နောက် ဘယ်ဆီသွားပြလို့ပြရမှန်းမသိဖြစ်သွားမယ်။ ကံမကောင်းလို့ ဘောရောဂါဖြစ်လို့ကတော့ ဘေဘီလေးတို့ ရေ ........ ဘိုင်း ဘိုင် ဆိုလည်းမရတော့ဘူး။ ငါကွ။
ရယ်မောနိုင်ပါစေ။

ဆေးလိပ်နဲ့ အရှက်


(22-01-2011)စနေ နေ့ ကျောင်းလည်းပိတ်တာနဲ့ မကုဋာရာမ မြန်မာကျောင်းကို အလည်သွာဖြစ်တယ်။ တကယ်တော့ အလည်ဆိုတာထက် မြန်မာပြည်ကနေလာတဲ့ လူကြုံဦးဇင်းတစ်ပါးဆီမှာ ဒေါ်လာနှစ်ရာ နဲ့ ဖက်ကြမ်းဆေးလိပ်တွေ ပါတယ်ဆိုလို့ သွားတာပါ။

ရောက်သွားချိန်မှာတော့ လူကြုံ ဦးဇင်းလေးက နစ်နစ်ခြိုက်ခြိုက်လိပ်ပျော်နေလေရဲ့ ဒါနဲ့အလိုက်မသိရာ ရောက်မှာစိုးလို့ မနိုးတော့ဘူး၊ ခင်မင်ရာသူငယ်ချင်းတွေရှိရာ ဟိုဝင်ဒီထွက်နဲ့ တစ်နေရာမှာ အကြာကြီးမနေမိဘူး။ ဘယ်နေလို့နေရမှန်းမသိတာလည်းပါတာပေါ့လေ မကုဋမှာ နေရာမရတော့ အားနာတတ်သူပီပီ နေစရာမရှိတာတော့ အဆန်းမဟုတ်ပါဘူး၊ ဒီလိုနဲ့ ညောင်ပင်အောက် ကျောင်းသားရုံးခန်းကို ခဏ၀င်တော့ ပေါက်စီလို့ချစ်စနိုးခေါ်တဲ့ ဦးဇင်းလေးကိုတွေ့တယ် သူက ပရင့်ထုတ်နေတာ ဘာတွေလည်းမေးတော့ အင်္ဂလိပ်လိုရေးထားတဲ့ အချစ်ဝတ္ထုဖတ်ချင်တာနဲ့ ပရင့်ထုတ်နေတာတဲ့ ရုံးခန်းပိုင် ပရင်တာဆိုပေမဲ့ တစ်ရွက် ရူပီး ၂၀ ပေးရတယ်။ သူငွေရှင်းနေတာ ကြည့်လိုက်တော့ ရူပီး ၈၀၀ ကျတယ်။ အော်မဆိုးဘူးပေါ့ စိတ်ထဲ တွေးမိတယ်။

အဲဒီအချိန်ထိ အမှုမဲ့ အမှတ်မဲ့ပဲ နေမိတယ် ဘာအတွေးမှ မပေါ်သေးဘူး။ ခဏနေတော့ အိပ်ပျော်နေတဲ့ဦးဇင်းလေး နိုးနေတာ တွေ့တော့ သူက မှာလိုက်တဲ့ပစ္စည်းနဲ့ လူကြုံပါးတဲ့ ဒေါ်လာနှစ်ရာကိုပေးတယ်။ ဆေးလိပ်ကို တမင်တကာလှမ်းမှာထားတာဆိုတော့ ဆေးလိပ်ဖိုးရှင်းပေးရမယ်ဆိုတာ သိတယ်လေ။ သူ့ကို ဘယ်လောက်ပေးရမလဲမေးတော့ သူက အားနာပုံရတယ် မပြောဘူး။

ဘေးနားက Sodavid ခေါ်တဲ့ သူငယ်ချင်း ဦးဇင်းက ၀င်ရှင်းပေးတယ် မင့်ဆေးလိပ်က မြန်မာငွေ ၅၀၀၀ ဖိုးရှိလား မရှိလောက်ဘူးနော် ဒါဆို ရူပီး ၅၀၀ ဆိုရတယ်မဟုတ်လားပြောတော့ ဦးဇင်းလေးလည်းလက်ခံတယ်။ ဒါနဲ့ ကိုယ်က မြန်မာငွေ ၅၀၀၀ ကျပ်ထက်ပိုပြီး ရူပီး ၇ ရာပေးလိုက်တယ် ရ၀၀၀ ကျော်ပေါ့။ ဒီအထိ အတွေးက ဘာမှ မ၀င်သေးဘူး။

ဒီလိုနဲ့ ညနေ ၅ နာရီလောက်မှာ ကိုယ့်နေရာဆီပြန်လာတယ်။ နည်းနည်းလှမ်းတော့ ၆ နာရီလောက်မှ ရောက်တယ်။ လွယ်အိတ်ကလေးချ အ၀တ်လှဲတော့မှ ခါးပန်းကြိုး TV ရှေ့မှာ တင်းနစ်ကစားတာကြည့်ရင်း မေ့ကျန်ခဲ့မှန်းသိတော့ ဦးဇင်း Sodavid ဆီဖုန်းဆက်ပြီး ကျန်ခဲ့တဲ့ ခါးပန်းကြိုးလေးကို ယူပြီး ကျောင်းသားရုံးခန်းထဲမှာနေတဲ့ ပေါက်စီလို့ခေါ်တဲ့ ဦးဇင်းလေးကို ပေးထားလိုက်ပါဦး နောက်မှလာယူမယ်လို့ လှမ်းမှာရတယ်။

ဒီတော့မှ ရှက်စရာတွေးတစ်စ ၀င်လာတယ်

ငါက ဖက်ကြမ်းဆေးလိပ်သောက်ချင်လို့ မြန်မာပြည်ကို တကူးတက ခက်ခက်ခဲခဲမှာရတဲ့ ကုန်ကျငွေက မြန်မာငွေ ၇၀၀၀ ကျော် ရူပီး ရ၀၀ ပေါ့။ ဒီဦးဇင်းလေးပေါက်စီက အင်္ဂလိပ်စာလေ့လာဖို့ အတွက် အင်္ဂလိပ်လိုရေးထားတဲ့ အချစ်ဝတ္ထုဖတ်ချင်လို့ ကုန်ကျခံပြီးသုံးတဲ့ ငွေကလည်း ရူပီး ၈၀၀ ကုန်တယ်။ ကုန်တဲ့ငွေချင်းတော့ မတိမ်းမယိမ်း ဆိုပေမဲ့ ဒီအခါမှ စိတ်ထဲမှာ ကိုယ့်ကိုကိုယ် ရှက်လာတယ်။ ရှက်စရာအတွေး ၀င်လာတယ်။ အင်္ဂလိပ်စာလေ့လာဖို့ စာဖတ်ဖို့ အသုံးပြုတာနဲ့ အရေမရ အဖတ်မရ ဆေးလိပ်သောက်ဖို့ ကုန်ကျခံတာနဲ့ အကျိုးရလဒ်ဘယ်လောက်ကွာလည်း နေ့စဉ် ဖာသိဖာသာနေလာတာ ဘယ်လိုအတွေးမျိုးမှ မရှိပေမဲ့ ဒီနေ့တော့ နိုင်းယှဉ်စရာ ကိုယ်တွေ့ဖြစ်နေတော့ တစ်ကယ်ကိုရှက်နေမိတော့တယ်။

ရှက်ဖို့လည်းကောင်းတယ်။ ဆေးလိပ်ကင်းစင်နယ်မြေတွေ သတ်မှတ်ထားတာ ဆေးလိပ်မသောက်ရ ဥပဒေတွေ ထုတ်ပြန်ထားတာ ကျန်းမာရေးထိခိုက်နိုင်ပုံနဲ့ ကင်ဆာရောဂါ ဖြစ်ပွါးနိုင်တာ တွေသိသိကြီးနဲ့ များ ငါမို့လို့ တမ်းတမ်းတတ ဒီမြန်မာဖက်ဆေးလိပ်ကိုမှ သောက်ချင်လှချည်ရဲ့လို့ ကိုယ်ကိုကိုယ် အပြစ်တင်မိသလို

ငွေကို ပညာရေးအတွက် အကျိုးရှိရှိသုံးနေတဲ့ ဦးဇင်းလေးပေါက်စီနဲ့ ဆိုးကျိုးတွေကို ပေးတတ်တဲ့ ဆေးလိပ်အတွက် အသုံးပြုမိတဲ့ ကိုယ့်အဖြစ် နိုင်းယှဉ်လိုက်ရင် အင်း…. သိပ်ရှက်စရာပဲပေါ့ဗျား။

ပေါက်စီလေး အေးချမ်းပါစေ။ ကျေးဇူးတင်ပါတယ်။

ဘကြီးသု

suvannasan@gmail.com

May you be happy!

Do not hate people who seem weak and powerless. They may have something to offer you in their own way.