Thursday, February 9, 2012

ဒေးဒေး သို့ ပေးစာများ (၄)


ဒေးဒေးရေ...
အရင်စာထဲမှာ ဘုန်းဘုန်း ဇန္န၀ါရီ ၂၆ ရက်နေ့ သီရိလင်္ကာကို ရောက်တယ်လို့ ရေးခဲ့တယ်နော်။ ၂၇ နေ့မှာပဲ ကျောင်းအပ်တယ်။ ကျောင်းလခအဖြစ် ရူပီး
၂၀၀၀နဲ့ ဒေါ်လာ ၆၀၀ ပေးရမယ်ပြောတယ်။ လောလောဆယ်တော့ ဒေါ်လာ ၂၀၀ ပေးခဲ့ရတယ်။ ကျန် ၄၀၀ ရာကို ကျောင်းတက်လို့နှစ်ဝက်ရောက်မှ ပေးချေရမယ်တဲ့ ဒီကိုထွက်လာတော့ မြန်မာနိုင်ငံက
သီရိလင်္ကာသံရုံးမှာ ခရီးသွားဗီဇာ ပဲလုပ်ခဲ့တာမို့ နေထိုင်ခွင့်က တစ်လပဲရတယ်။ ဒါကြောင့် ဒီမှာ ကြာကြာနေပြီး
ကျောင်းတက်လို့ရအောင် ကျောင်းသားဗီဇာပြန်လုပ်ရတယ်။ ပထမဆုံး သူတို့နိုင်ငံက သံဃအဖွဲ့အစည်းထဲပါဝင်တဲ့ ဆရာတော် တစ်ပါးဆီက လက်မှတ် ၂၈ ရက်ညမှာရတယ်။ ၂၉ ရက်နေ့မှာ သူတို့ရဲ့သာသနာရေရုံးကိုသွားရတယ်။ သာသနာရေးရုံးက ထောက်ခံချက်ရပြီးနောက် အဲဒီနေ့မှာပဲ ဗီဇာလုပ်ဖို့ ဗီဇာရုံးကိုသွားပြီး လိုအပ်တဲ့ဖောင်တွေဖြည့်လို့ ပတ်စ်ပို့စာအုပ်ကို ပေးထားခဲ့ရတယ်။ ၃ ရက်ခွါချိန်းတယ်။ ဒါဆိုရင် ဗီဇာကိစ္စပြီးသွားသလိုပဲ ချိန်းတဲ့ရက် သွားယူလိုက်ရုံပေါ့။ အော် ဘုန်းဘုန်းက မြန်မာပြည်ကနေလာတာဖြစ်လေတော့ တစ်ခါတစ်ခါ မြန်မာတွေးတွေးနေမိတယ်။ တကယ့်ကိုပဲဝန်ထမ်းတွေအားလုံး သူ့အလုပ်သူလုပ် ပုံမှန်လည်ပတ်နေကြတာ အေးအေးဆေးဆေးပဲ ဘယ်လို စာရွက်စာတမ်းဖိုးမှ မကုန်ခဲ့ဘူး။ အရမ်းကို အံ့သြမှုနဲ့ ဟုတ်မှ ဟုတ်ရဲ့လားလို့ တွေးနေမိတယ်။ သူတို့ရုံးတွေမှာ တစ်ပြားမှ မကုန်ပါဘူး သွားလာစရိတ်ပဲ ကုန်ခဲ့တယ်။ ဒါဟာ သူများတွေအတွက် မထူးခြားပေမဲ့ ဘုန်းဘုန်းတို့လို တင်းကြပ်တဲ့ တိုင်းပြည်ကလာတဲ့ လက်ဖက်ရည်ဖိုး အောက်ဆိုက်တွေပေးမှ လက်မှတ်တစ်ခုရတဲ့ တိုင်းပြည်ကလာတဲ့သူတွေအတွက်တော့ တကယ်ကိုရင်သပ်ရှုမောဖြစ်ခဲ့ရတာပဲလေ။
နောက် ၃ ရက်မှာ ပေးထားတဲ့ ပတ်စပို့စာအုပ် ပြန်ရတယ်။ တစ်နှစ်စာ နေထိုင်ခွင့်ရတယ်။ နောက်နှစ်ဆက်နေရင် ထပ်တိုးပေါ့။ ကျောင်းအပ်တာတွေ ဗီဖာသက်တမ်းတိုးတာတွေ ပြီးသွားပြန်တော့ တစ်နှစ်စာနေဖို့ အဆောင်ရှာရပြန်တယ်။ လောလောဆယ်တည်းနေတဲ့ာမြန်မာကျောင်းက နေရာအခက်အခဲတွေကြောင့် အမြဲနေဖို့မဖြစ်ဘူး နေလို့လည်းမရဘူး။ ဒါကြောင့် ကုလားကျောင်းတစ်ကျောင်းမှာ နေရာရတယ်။
အခန်းခ ရူပီး ၁၅၀၀ နဲ့ အင်တာနက်ကြေး ၆၀၀ ။ စားစရိတ် က ရူပီး ၂၅၀၀ပေးရတယ်။ အင်တာနက်က သုံးသုံးမသုံး ပေးရမှာ ဆိုတော့ မထုးဘူးဆိုပြီးသုံးဖြစ်တယ်။ မိန်းတက္ကသိုလ်ကြီးနဲ့ နီးပေမဲ့ ဘုန်းဘုန်းတို့ တက်တဲ့ဌာနက ကျောင်းကနေ သီးခြားထုတ်ထားတာဆိုတော့ သွားရတာ နေတဲ့ကျောင်းနဲ့က တော်တော်လှမ်းတယ်။ အသွားအပြန်
ကားစီးရတာ ၄ နာရီလောက်ကြာတယ်။ နောက်တော့ ကျောင်းနဲ့နီတဲ့နေရာ ပြန်ရှာရမှာပေါ့သမီးရယ်။ ကိုယ်အိပ်ဖို့ ကုတင်ကအစ၀ယ်ရတယ်။ သူတို့ကအခန်းသက်သက်ပဲပေးတာ။ နည်းနည်းဆင်းရဲပေမဲ့ တောင်တန်းသာသနာပြုသွားတဲ့ နှစ်တွေလောက် မပင်ပန်းပါဘူး။ နေရတာ ပျော်စရာကောင်းပါတယ်။ အေးချမ်းတယ်ပေါ့သမီးရဲ့ နေရာသစ် ပတ်ဝန်းကျင်အသစ် ဆိုပေမဲ့ အင်မတန်ယဉ်ကျေးတဲ့ လူ့အသိုက်အ၀န်းထဲ ရောက်နေရတာမို့ တကယ့်ကိုပဲ ငြိမ်းချမ်းတယ်။ နေ့စဉ်တွေ့နေရတဲ့ လူမှုဝန်းကျင်မှာလည်း ပြဿနာမရှိသလောက်ပါပဲ။ တကယ်ကို အံ့သြစရာတွေနဲ့ ပြည့်နေတဲ့ တိုင်းပြည်တစ်ခုပါ။ လမ်းဘေးမှာ အချိန်ဖြုန်းနေတဲ့သူ မတွေ့ရသလို ယောကျာ်းမိန်းမ အားလုံးဟာ တကယ်ကို ယဉ်ကျေးမှုကြီး တစ်ခုကိုပိုင်ဆိုင်ထားကြတယ်၊ သိပ်အံ့သြလွန်းလို့ ဒီအကြောင်းတွေရေးဖြစ်တာပါ။

နေ့တော့ ဒီလောက်နဲ့နားမယ်ဒေးဒေးရယ်။ နောက်တစ်ပါတ်ဆို ၅ နှစ်မှ တစ်ကြိမ်ဖွင့်တဲ့ စွယ်တော်အကြောင်းနဲ့ အခြားသိသင့်တာလေးတွေ၊ နောက်ပီး နိုင်ငံတွင်း ဘုရာဖူးခရီးစဉ် အကြောင်းနဲ့ သူတို့ဆီက တောတောင်ရေမြေသဘာဝတွေကိုလည်းပြောပြမယ်။ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နက်နေပြီး သစ်တောတွေ ဘယ်လိုထိန်းသိမ်း စောင့်ရှောက်ထားလည်းဆိုတာတွေပေါ့။ စာရေးချင်ပေမဲ့ ဆန္ဒတွေ များနေလို့ ဘယ်ကစရေးရမှန်းမသိအောင်ကိုဖြစ်နေရတယ်။ ကဲ့ ဒီနေ့တော့ ဒီလောက်နဲ့ပဲ နားကြမယ်နော် မနက်ဖြန် အတွေ့ကြုံသစ်တွေ ထပ်ရေးမယ်။ အမှန်တော့ ဘုန်းဘုန်းအတွေ့အကြုံတွေ နောက်ပိုင်းမှာ မှတ်တမ်းကျန်ရစ်စေချင်တာပါ။
သမီးဒေးဒေး အေးအေးချမ်းချမ်းရှိပါ။
ဘုန်းဘုန်းဦးသုနန္ဒ

ကိုလံဘိုမြို့။ သီရိလင်္ကာနိုင်ငံ။ ၁၉. ၃. ၂၀၀၉ ၉း၄၉ Am

No comments:

Post a Comment