Monday, February 6, 2012

ဒေးဒေး သို့ ပေးစာများ (၁)


နိုင်ငံခြားကို သွားဖို့ ကြိုတင်ပြင်ဆင်မှုတွေနဲ့
တွေ့ကြုံရတဲ့ အခက်အခဲတွေ ခရီးသွားမှတ်တမ်းတွေ အတွေထွေ ဗဟုသုတတွေကို
ရေးမှာပါ သမီး စိတ်ဝင်စားလိမ့်မယ်ထင်ပါတယ်။ ဘုန်းဘုန်း
အတွေးသစ်တွေပေါ်လာတိုင်း အမြဲရေးပို့နေမယ်နော်။
ဘုန်းဘုန်းက နိုင်ငံတော်ပရိယတ္တိတက္ကသိုလ်ကနေ ၂၀၀၄- ခုနှစ်မှာ
စတုတ္ထနှစ်အောင်မြင်တယ်။ အလုပ်သဘောအရ ကျောင်းပြီးတဲ့နှစ်မှာ ဘွဲမယူရပါဘူး။
တောင်တန်းသာသနာပြု ၂ - နှစ်သွားရတယ်။ တြိဂံတိုင်းခေါ်တဲ့
သံလွင်မြစ်ရဲ့အရှေ့ဖက်ကမ်း မိုင်းပြင်မြို့နယ်က သုဝဏသျှံ သာသနာပြဌာနမှာ
တာဝန်ထမ်းဆောင်ခဲ့ရတယ်။ ဆိုလိုတာက သမိးရယ်၊ ပညာရေးလောကနဲ့ ၂
-နှစ်ကင်းကွာသွားခဲ့ရတယ်ဆိုတာကိုပါ။ ကျောင်းပြီးပြီးချင်း နိုင်ငံခြားကို
ထွက်ချင်ခဲ့တယ်။ ဒါပေမဲ့ အချိန်ရယ် ငွေရယ်က အဆင်မပြေခဲ့ဘူးလေ။
၂၀၀၆ - ခုနှစ်မှ ဘွဲ့ယူရတယ်။ ဘွဲ့ယူပြီးတဲ့နောက်ပိုင်းမှာတော့
စိတ်တွေက လေလွင့်နေတယ်။ ပညာရေးဘက်လိုက်ရမလိုလို
တရားဘာဝနာပွါးများရမလိုလိုနဲ့ ယောင်တောင်တောင်ဖြစ်နေတယ်လေ။ ဒီလိုနဲ့
မန္တလေးမှာ ၂ -နှစ်ထပ်နေပြီး ကွန်ပျူတာနဲ့ အင်္ဂလိပ်စာကိုလေ့လာတယ်။ ဒီ
၂-နှစ်မှာ အဆင်ပြေရင်နိုင်ငံခြားသွားမယ်။ မပြေလည်ခဲ့ရင် အေးအေးဆေးဆေး
ဇာတ်မြုပ်လို့ လူတွေနဲ့ဝေးတဲ့ တောကျောင်းလေးမှာ
နေတော့မယ်လို့စိတ်ကူးရှိခဲ့တယ်။
မန္တလေးရတနာပုံကျောင်းမှာ ကျောင်းအလုပ်လုပ်ရင်း
ကွန်ပျုတာသင်တန်းတွေတက်တာ ၂၀၀၇ -တစ်နှစ်လုံးလိုလိုပဲ။ ကံဆိုးချင်တော့
အင်္ဂလိပ်စာသင်ကြားမှုတွေ မပြီးခင် စက်တင်ဘာ သံဃာ့အရေးအခင်းဖြစ်တော့
စာသင်မှုတွေရပ်ဆိုင်းသွားခဲ့ရပြန်တယ်။ ကွန်ပျူတာကိုတော့
ဆက်လက်လေ့လာခဲ့တယ်။ ဒီနေရာမှာ ပြောချင်တာလေးတစ်ခုစိတ်ထဲရောက်လာတယ်။
တစ်ချို့က ဘုန်းဘုန်းဘာတွေလုပ်နေတယ်ဆိုတာ မသိကြဘူး။ လူအများရဲ့အမြင်မှာတော့
ရတနာပုံကျောင်းမှ ဧည့်သည်တွေကို ဆေးရုံဆေးခန်းပို့ပေးရ၊ ဘုရားဖူး လိုက်ပို့ပေးရ၊ ဆွမ်းအတွက် မီးဖိုချောင်မှာ ချွေးတစ်လုံးလုံးနဲ့ ကိုယ်အတွက် ဘာမှမယ်မယ်ရရမလုပ်နိုင်ပဲ
အချိန်ကုန်နေတဲ့သူတစ်ယောက်လို့မြင်ကြ မလားမသိဘူး။ နိုင်ငံခြားသွားမယ်လို့
အမှန်တကယ်နုတ်ဆက်တာတောင်မှပဲ မဖြစ်နိုင်တာတဲ့ စာမသင်ပဲမီးဖိုချောင်မှာ
နေတဲ့သူ၊ လူမှုရေးလုပ်ငန်းတွေနဲ့ အချိန်ကုန်နေသူက နိုင်ငံခြားသွားမယ်တဲ့ မနောက်စမ်းပါနဲ့တဲ့ပြောကြတယ်။
ဘုန်းဘုန်းက သူများတွေမသိအောင် လေ့လာသင်ယူထားတာတွေကို သူတို့မှမသိကြပဲ။
စိတ်ဆိုးလို့ပြောတာမဟုတ်ဖူးသမီးရယ်။ လူဆိုတာ လိုအပ်တဲ့အချိန်မှာ
အဆင်သင့်ဖြစ်ဖို့ အမြဲပြင်ဆင်ထားရတယ်ဆိုတာကိုပါ။ နောင်တစ်ချိန်ကိုယ့်ကို
သူများက လိုအပ်လာတဲ့အချိန်ကျမှ သင်နေလို့မရတော့ဘူး။ ကိုယ်က
အဆင်သင့်ရှိနေနှင့်အောင် ပြင်ဆင်ထားရတယ်။ ဒါကိုပြောချင်တာပါ။
သမိးတို့လဲ အသုံးမ၀င်သေးဘူးဆိုပြီ မနေပါနဲ့ အချိန်ရရင်
အင်္ဂလိပ်စာ၊ ကွန်ပျူတာနဲ့ အခြားတတ်သင့်တာတွေကို လေ့လာထားပါနော်။ အခုဆိုရင်
ဘုန်းဘုန်းကလည်း ကြိုတင်ပြင်ဆင်မှုတွေရှိတယ်။
တီတီကြီးတို့ကလည်းပံ့ပိုးနိုင်တယ်။ အကြောင်းတွေညီညွတ်တိုက်ဆိုင်လာတော့
အလိုလို ဖြစ်သွားရတာပဲလေ။ ကြိုးစားမှုကို အခြေခံရတယ်။
စိတ်ကောင်းကောင်းထားရတယ်။ ဘုန်းဘုန်းဆိုရင် သမီးတို့မြင်မလားမိဘူး။
ကျောင်းကိုလာတဲ့ သူအားလုံးအပေါ်စေတနာလည်းထားတယ်။ ကျွေးစရာရှိကျွေးတယ်။
အတူးသဖြင့်တော့ စိတ်ချမ်းသာအောင်ထားပေးရတယ်။ လူဆိုတာ ပညာတတ်ရုံ။
ငွေရှိရုံလောက်နဲ့မပြီးဘူးလေ။ ပတ်ဝန်းကျင်နဲ့
လိုက်လျောညီထွေဖြစ်အောင်လည်းနေတတ်ရတယ်လေ။ စိတ်ညစ်စရာတွေတွေ့လာရင်လည်း
မှန်ကန်တဲ့နည်းလမ်းနဲ့ဖြေရှင်းနိုင်အောင်ကြိုစားရတယ်။ သီခံနိုင်ရတယ်။
လူငယ်လေးတွေကို လူငယ်အခွင့်အရေးလေးတွေနဲ့ လိုက်လျောပေးရတယ်။
ဒီစာတော့ဒီလောက်နဲ့နားဦးမယ်။ နောက်တစ်စောင်ကျရင်
သဘာဝပတ်ဝန်းကျင်အကြောင်းတွေရေးပေးမယ်။
သမီးအမြဲကြိုးစားနေနော်။
အေးအေးချမ်းချမ်းရှိပါစေ။
ဘုန်းဘုန်းဦးသုနန္ဒ
ကိုလံဘိုမြို့။ သီရိလင်္ကာနိုင်ငံ။
၁၆ . ၃ . ၂၀၀၉

No comments:

Post a Comment