Local Secretary, Professor & Head, Department of Philosophy, Annamalai University, Chidambaram, Tamil Nadu, India.
Sunday, April 15, 2012
DR. SUBASHINI R. GANDHI
Local Secretary, Professor & Head, Department of Philosophy, Annamalai University, Chidambaram, Tamil Nadu, India.
Wednesday, April 11, 2012
အမေသို့....

ရွှေပိတောက်တွေနဲ့ ၊ နွေကြိုရောက်ပေမဲ့၊
ငိုမဲ့မဲ့နှလုံးသားမှာ၊ မဝေဆာနိုင်တော့တာလည်း ကြာပေါ့။
အတိတ်သမိုင်းမှာ ၊ မိုက်ရိုင်းမှုတွေအပြည့်နဲ့၊
ဖိနိပ်ခံ တို့တတွေရဲ့ဘ၀၊ နွေရောက်တိုင်း တောက်ခေါက်။
နောက်တစ်ခေါက် တို့ သမိုင်း မရိုင်းရအောင်
အနိုင်းမဲ့ ပိတောက်ကိုင်းခက်တွေကို
နင်းချေဖျက်ဆီး၊ ရင့်သီးမှုတွေနဲ့ မိုးကာနေတဲ့
တိမ်တိုက် လေကြမ်းတွေကြားက
ဟော... ကြည့်စမ်း …
အခု.. လမင်းတစ်စင်း
ဝင်းပ လို့ သာနေပေါ့။
(၁၀-၄-၂၀၁၂။ ည ၈-၃၃)
Friday, February 17, 2012
Annamai University
Tuesday, February 14, 2012
ဒေးဒေး သို့ ပေးစာများ (၅)
ဒေးဒေးရေ..
အေးချမ်းတဲ့မနက်ခင်းလေးဖြစ်ပါစေလို့ ဘုန်းဘုန်းဆုတောင်းလိုက်တယ်။ အရင်ပေးစာ (၄) ထဲမှာ ဒီကိုရောက်ခါစ တွေ့ကြုံရတဲ့ နေထိုင်မှုအခြေအနေလေးတွေ ရေးထားတယ်။ အခု ဒီစာမှာတော့ ကံထူးလို့ စွယ်တော်ဖူးရတယ်ဆိုတာကို ပြောချင်တယ်။ မြတ်စွာဘုရားရဲ့ စွယ်တော်ဟာ သီရိလင်္ကာနိုင်ငံမှာ ကိန်းဝပ်တည်ရှိ ရှိတယ်။ လေးနစ် ဒါမှ မဟုတ် ငါး နှစ်မှတစ်ကြိမ် ဖွင့်တယ်လို့ ပြောသံကြားရတယ် တိတိကျကျတော့ မသိရသေးပါဘူး။ အဲ့ဒီအခါမှ တစ်နိုင်ငံလုံးက ဘုရားဖူးတွေ ကမ္ဘာအရပ်ရပ်ကဘုရားဖူးတွေနဲ့ စည်ကားလို့နေတယ်။ ဘုန်းလည်း ဒီလိုကြုံရခဲတဲ့ ကိစ္စနဲ့ ကြုံရတာ အင်မတန်ကံထူးတာပေါ့။ တကယ်လို့သာ ဒီနှစ်မလာဖြစ်ပဲ နောက်နှစ်မှသာ ပညာသင်ထွက်ခွါရရင် ဒီလို ကြုံတောင့်ကြုံခဲ စွယ်တော်ဖူးရဖို့ မလွယ်တော့ဘူးလေ။
ဘုရားဖူးတဲ့နေရာမှာ ထူးခြားချက်ကလေးကို တွေ့ရတယ်။ စွယ်တော်ဖူးဖို့ တန်းစီနေကြတဲ့လူတန်းကြီးဟာ
လေးဖက်လေးတန်အပြည့်ပေါ့။ လူပေါင်းသိန်းချီပြီးနေ့စဉ်လာကြတယ်။ အဲ့ဒီမှာ သူတို့ရဲ့ဝတ်စုံပေါ့သမီးရယ်။ သာမန်အချိန်မျိုးမှာ အ၀ါ အနီ အကြောင် အကြား တွေအ၀တ်များတဲ့ ဒီနိုင်ငံသားတွေဟာ ဒီနေရာမှာတော့ ထူးထူးခြားခြား အဖြူရောင် ၀မ်းဆက်အ၀တ်ကို သာဝတ်ကြတာတွေ့မြင်ရတယ်။ ဘယ်ကိုကြည့်ကြည့် အဖြူရောင်တွေပဲ လွမ်းမိုးနေတယ်။ သမီးဆီပို့တဲ့ ဓာတ်ပုံတွေထဲမှာ မြင်ရမှာပေါ့။ သူတို့ဟာ ဆူညံမှုမရှိပဲနဲ့ အေးအေးချမ်းချမ်းနဲ့ ငြိမ်သက်စွာပဲ တန်းစီကြတယ်။ လုံခြုံရေးကတော့ တော်တော်ကို တင်းကြပ်တယ်။ ခါတိုင်းဘယ်နေရာမျိုးကိုမဆို လွတ်လွတ်လပ်လပ်နဲ့ အစစ်အဆေးမရှိသွားနိုင်ပေမဲ့ ဒီနေ့ ဒီနေရာမှာတော့ လူအားလုံးကို လုံခြုံရေးအရ ရှာဖွေပါတယ်။ ဘုန်းဘုန်းတို့ ကိုယ် အနှံ့ရှာတာပဲ သူတို့က ဘုန်းဘုန်းတို့ကိုတော့
တန်းစီမခိုင်းတော့ဘူး စွယ်တော်တိုက်ရှိရာကို သွားပြီး တိုက်ရိုက်ဖူးခွင့်ရတယ်။
ငါးနှစ်မှတစ်ကြိမ်ဖူးရတဲ့ ဒီစွယ်တော်ကို ဖူးချင်ကြလွန်းလို့ ညအိပ်ပြီးစောင့်ကြတဲ့ လူတွေဟာ တစ်ရက်ဖူးပြီးတာနဲ့ပြန် မသွားကြဘူး။ နေ့တိုင်းနေ့တိုင်း ထပ်ခါထပ်ခါ တန်းစီပြီး
အကြိမ်ကြိမ်ဖူးကြတာကို တွေ့မြင်ရတယ်။ လူအချို့ကိုမေးကြည့်တော့ ၅ ကြိမ်ရှိပြီပြောတယ်။ အရမ်းအားရစရာကောင်းတာပဲ။ ဘုန်းဘုန်းနေတာက သူတို့နိုင်ငံရဲ့မြို့တော် ကိုလံဘို မှာလေ။ စွယ်တော်မြတ်ကတော့ ကန္ဒီဆိုတဲ့မြို့လေးမှာ ကိန်းဝပ်တည်ရှိတယ်ပေါ့။ စွယ်တော်ဖွင့်ပွဲနဲ့ကြုံတွေ့ရတာ ၀မ်းသာဖို့ သိပ်ကောင်းတယ်။ သူများတွေက ပြောတယ်။ သွားသာသွား ကြုံတောင့်ကြုံခဲပဲတဲ့ သီးခြားဘုရားဖူးလာရင် နောက်တပ်ငါးနှစ်စောင့်ရမှာ
လို့ပြောကြတယ်။ ဒါနဲ့ဘုန်းဘုန်းလည်း သွားဖို့စီစဉ်တာပေါ့။
ရထားနဲ့ သွားရင်လည်းရတယ်။ ဒါပေမဲ့ ဘုန်းဘုန်းတို့က ကားအပြတ်ငှါးလိုက်တယ်။ အသွားအပြန် စားသောက်တာတွေအပါအ၀င် အားလုံးကုန်ကျငွေက ၁၁၀၀ ရူပီးကျတယ်။ တစ်ပါးအတွက်ပေါ့နော်။ အားလုံးဆိုရင်တော့
မြန်မာငွေ တစ်သိန်းကျော်လောက်ကုန်းမယ်ထင်တယ်။ ဘုန်းဘုန်းတို့က နေ့ချင်းပြန်သွားလိုက်တယ်။ ဒီနေရာမှာ ပြောစရာရှိလာပြန်ပြီသမီးရယ်။ ကိုလံဘိုမြို့တော်ကနေ တောတောင် လျိုမြောင်တွေဖြတ်သွားရတဲ့ ကားလမ်းမိုင်ပေါင်းများစွာဟာ အင်မတန် ကောင်းမွန်သပ်ရပ်နေတယ်။ လမ်းပေါက်တာ ပျက်စီးနေတာမတွေ့ရဘူး။ ထူးခြားချက်တစ်ခုကလည်း လမ်းမိုင်များစွာမှာ လူတွေစွန့်ပစ်ထားတဲ့ အမိုက်တွေ ကြွပ်ကြွပ်အိပ်လို စွန့်ပစ် အမိုက်တွေ ဘာမှ မတွေ့ရတာပါပဲ။ သူတို့က တောတောင်ရေမြေနဲ့ သဘာဝပတ်ဝန်းကျင်ကိုလည်း အင်မတန် တန်ဘိုးထားကြတယ်။ သစ်တောစိမ်းစိမ်းတွေ နေရာတိုင်းမှာ ရှိတယ်။ ပိုပြီးတော့ အံသြစရာကောင်းတာတွေကိုလည်း တွေ့ခဲ့ရတယ်။ ပင်လည်ထဲက ကျွန်းနိုင်ငံလေးဖြစ်ပေမဲ့ ဘုန်းဘုန်းတို့နိုင်ငံက ရှမ်းတောင်တန်းကြီးတွေလို နောက်ရိုးမ
တောင်တန်းကြီးတွေလို ကြီးမားတဲ့ တောင် ရေမြေသဘာဝတွေကိုလည်းတွေ့ရတယ်။ ကန္ဒိဆိုတဲ့မြို့လေးဟာလည်း တောင်စောင်း တောင်ကုန်းတွေပေါ်မှာ တည်ထားတဲ့မြို့လေးဖြစ်တာမို့ အရမ်းသာယာတာပေါ့။ သိပ်သာယာတာပဲ။ အရမ်းလည်းအေးချမ်းတယ်။
ကန္ဒီကနေပြန်တော့ ဘုန်းဘုန်းဘ၀မှာ အရမ်းအဲ့သြခဲ့ရတယ်။ အရင် ဘုန်းဘုန်းက ရှမ်းပြည်နယ်အရှေ့ပိုင်း သုဝဏ္ဏသျှံတောင် သာသနာပြုဌာနမှာတာဝန်ကျခဲ့တာ သမီးသိတယ်နော်။ အခုလေ အဲ့ဒီရှမ်းပြည်နယ်က ဘုန်းဘုန်းနေခဲ့ဖူးတဲ့ သုဝဏ္ဏသျှံတောင်တန်းကြီးနဲ့ ၉၀ ရာနုန်းတူတဲ့ တောင်တန်းကြီးကို မြင်တွေ့ခဲ့ရတယ်။ ဘလော့ ခေါင်းစီမှာ တင်ထားတဲ့ စိမ့်ညို့နေတဲ့ တောင်တန်းကြီးပေါ့ ပိုပီးထူးခြားတာက လေးဒေါင့် စပ်စပ်ကျနေတဲ့တောင်ထိပ်ပုံပါပဲ ဘုန်းဘုန်းဖြင့် အရမ်းအံ့သြတာပဲ။ တိုက်ဆိုင်မှုတွေလား ကံစီမံမှုတွေလားတောင် မပြောတတ်တော့ဘူး သမိးရယ်။ စွယ်တော်ဖူးချိန်ဟာ အင်မတန်အံသြဖို့ကောင်းတယ်
စွယ်တော်မဖွင့်ခင် ပူပြင်းလိုက်တဲ့နေဟာ ပြောစရာမရှိအောင်ပဲ စွယ်တော်လည်းဖွင့်ရော မိုးတွေအုန့်လို့ ကောင်းကင်မှာ တိမ်တွေထူထပ်လို့ ချက်ချင်းတက်လာတယ်။ ဘုန်းဘုန်းတို့ အပြန်ခရီးမှာတောင် မိုးရေးတွေရဲ့ကြားမှာ စိုစိုပြေပြေနဲ့ ပြန်ခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့သမီးရယ် အတွေ့အကြုံကောင်းတွေဆိုတာ နောင်တစ်ချိန် အသုံးဝင်နိုင်ပါတယ်။ စားတွေဖတ်ရတာ ပျင်းနေပြီလား။ ဘုန်းဘုန်းက သမိးကိုရော မိသားစုအားလုံးကိုရော သတိရလွန်းလို့ရေးပို့တာနော်။ ဒိနေ့တော့ ဒီလောက်နဲ့ပဲ ရပ်ထားဦးမယ် နောက်မှ ဆက်ရေးတာပေါ့နော်။
ဒေးဒေးကျန်းမာချမ်းသာပါစေ။
အေးအေးချမ်းချမ်းရှိပါစေ။
ဘုန်းဘုန်းဦးသုနန္ဒ
ကိုလံဘိုမြို့။ သီရိလင်္ကာနိုင်ငံ။ ၂၀. ၃. ၂၀၀၉ 10-1. Am
Thursday, February 9, 2012
ဒေးဒေး သို့ ပေးစာများ (၄)
ဒေးဒေးရေ...
အရင်စာထဲမှာ ဘုန်းဘုန်း ဇန္န၀ါရီ ၂၆ ရက်နေ့ သီရိလင်္ကာကို ရောက်တယ်လို့ ရေးခဲ့တယ်နော်။ ၂၇ နေ့မှာပဲ ကျောင်းအပ်တယ်။ ကျောင်းလခအဖြစ် ရူပီး ၂၀၀၀နဲ့ ဒေါ်လာ ၆၀၀ ပေးရမယ်ပြောတယ်။ လောလောဆယ်တော့ ဒေါ်လာ ၂၀၀ ပေးခဲ့ရတယ်။ ကျန် ၄၀၀ ရာကို ကျောင်းတက်လို့နှစ်ဝက်ရောက်မှ ပေးချေရမယ်တဲ့ ဒီကိုထွက်လာတော့ မြန်မာနိုင်ငံက
သီရိလင်္ကာသံရုံးမှာ ခရီးသွားဗီဇာ ပဲလုပ်ခဲ့တာမို့ နေထိုင်ခွင့်က တစ်လပဲရတယ်။ ဒါကြောင့် ဒီမှာ ကြာကြာနေပြီး
ကျောင်းတက်လို့ရအောင် ကျောင်းသားဗီဇာပြန်လုပ်ရတယ်။ ပထမဆုံး သူတို့နိုင်ငံက သံဃအဖွဲ့အစည်းထဲပါဝင်တဲ့ ဆရာတော် တစ်ပါးဆီက လက်မှတ် ၂၈ ရက်ညမှာရတယ်။ ၂၉ ရက်နေ့မှာ သူတို့ရဲ့သာသနာရေရုံးကိုသွားရတယ်။ သာသနာရေးရုံးက ထောက်ခံချက်ရပြီးနောက် အဲဒီနေ့မှာပဲ ဗီဇာလုပ်ဖို့ ဗီဇာရုံးကိုသွားပြီး လိုအပ်တဲ့ဖောင်တွေဖြည့်လို့ ပတ်စ်ပို့စာအုပ်ကို ပေးထားခဲ့ရတယ်။ ၃ ရက်ခွါချိန်းတယ်။ ဒါဆိုရင် ဗီဇာကိစ္စပြီးသွားသလိုပဲ ချိန်းတဲ့ရက် သွားယူလိုက်ရုံပေါ့။ အော် ဘုန်းဘုန်းက မြန်မာပြည်ကနေလာတာဖြစ်လေတော့ တစ်ခါတစ်ခါ မြန်မာတွေးတွေးနေမိတယ်။ တကယ့်ကိုပဲဝန်ထမ်းတွေအားလုံး သူ့အလုပ်သူလုပ် ပုံမှန်လည်ပတ်နေကြတာ အေးအေးဆေးဆေးပဲ ဘယ်လို စာရွက်စာတမ်းဖိုးမှ မကုန်ခဲ့ဘူး။ အရမ်းကို အံ့သြမှုနဲ့ ဟုတ်မှ ဟုတ်ရဲ့လားလို့ တွေးနေမိတယ်။ သူတို့ရုံးတွေမှာ တစ်ပြားမှ မကုန်ပါဘူး သွားလာစရိတ်ပဲ ကုန်ခဲ့တယ်။ ဒါဟာ သူများတွေအတွက် မထူးခြားပေမဲ့ ဘုန်းဘုန်းတို့လို တင်းကြပ်တဲ့ တိုင်းပြည်ကလာတဲ့ လက်ဖက်ရည်ဖိုး အောက်ဆိုက်တွေပေးမှ လက်မှတ်တစ်ခုရတဲ့ တိုင်းပြည်ကလာတဲ့သူတွေအတွက်တော့ တကယ်ကိုရင်သပ်ရှုမောဖြစ်ခဲ့ရတာပဲလေ။
နောက် ၃ ရက်မှာ ပေးထားတဲ့ ပတ်စပို့စာအုပ် ပြန်ရတယ်။ တစ်နှစ်စာ နေထိုင်ခွင့်ရတယ်။ နောက်နှစ်ဆက်နေရင် ထပ်တိုးပေါ့။ ကျောင်းအပ်တာတွေ ဗီဖာသက်တမ်းတိုးတာတွေ ပြီးသွားပြန်တော့ တစ်နှစ်စာနေဖို့ အဆောင်ရှာရပြန်တယ်။ လောလောဆယ်တည်းနေတဲ့ာမြန်မာကျောင်းက နေရာအခက်အခဲတွေကြောင့် အမြဲနေဖို့မဖြစ်ဘူး နေလို့လည်းမရဘူး။ ဒါကြောင့် ကုလားကျောင်းတစ်ကျောင်းမှာ နေရာရတယ်။
အခန်းခ ရူပီး ၁၅၀၀ နဲ့ အင်တာနက်ကြေး ၆၀၀ ။ စားစရိတ် က ရူပီး ၂၅၀၀ပေးရတယ်။ အင်တာနက်က သုံးသုံးမသုံး ပေးရမှာ ဆိုတော့ မထုးဘူးဆိုပြီးသုံးဖြစ်တယ်။ မိန်းတက္ကသိုလ်ကြီးနဲ့ နီးပေမဲ့ ဘုန်းဘုန်းတို့ တက်တဲ့ဌာနက ကျောင်းကနေ သီးခြားထုတ်ထားတာဆိုတော့ သွားရတာ နေတဲ့ကျောင်းနဲ့က တော်တော်လှမ်းတယ်။ အသွားအပြန်
ကားစီးရတာ ၄ နာရီလောက်ကြာတယ်။ နောက်တော့ ကျောင်းနဲ့နီတဲ့နေရာ ပြန်ရှာရမှာပေါ့သမီးရယ်။ ကိုယ်အိပ်ဖို့ ကုတင်ကအစ၀ယ်ရတယ်။ သူတို့ကအခန်းသက်သက်ပဲပေးတာ။ နည်းနည်းဆင်းရဲပေမဲ့ တောင်တန်းသာသနာပြုသွားတဲ့ နှစ်တွေလောက် မပင်ပန်းပါဘူး။ နေရတာ ပျော်စရာကောင်းပါတယ်။ အေးချမ်းတယ်ပေါ့သမီးရဲ့ နေရာသစ် ပတ်ဝန်းကျင်အသစ် ဆိုပေမဲ့ အင်မတန်ယဉ်ကျေးတဲ့ လူ့အသိုက်အ၀န်းထဲ ရောက်နေရတာမို့ တကယ့်ကိုပဲ ငြိမ်းချမ်းတယ်။ နေ့စဉ်တွေ့နေရတဲ့ လူမှုဝန်းကျင်မှာလည်း ပြဿနာမရှိသလောက်ပါပဲ။ တကယ်ကို အံ့သြစရာတွေနဲ့ ပြည့်နေတဲ့ တိုင်းပြည်တစ်ခုပါ။ လမ်းဘေးမှာ အချိန်ဖြုန်းနေတဲ့သူ မတွေ့ရသလို ယောကျာ်းမိန်းမ အားလုံးဟာ တကယ်ကို ယဉ်ကျေးမှုကြီး တစ်ခုကိုပိုင်ဆိုင်ထားကြတယ်၊ သိပ်အံ့သြလွန်းလို့ ဒီအကြောင်းတွေရေးဖြစ်တာပါ။
နေ့တော့ ဒီလောက်နဲ့နားမယ်ဒေးဒေးရယ်။ နောက်တစ်ပါတ်ဆို ၅ နှစ်မှ တစ်ကြိမ်ဖွင့်တဲ့ စွယ်တော်အကြောင်းနဲ့ အခြားသိသင့်တာလေးတွေ၊ နောက်ပီး နိုင်ငံတွင်း ဘုရာဖူးခရီးစဉ် အကြောင်းနဲ့ သူတို့ဆီက တောတောင်ရေမြေသဘာဝတွေကိုလည်းပြောပြမယ်။ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နက်နေပြီး သစ်တောတွေ ဘယ်လိုထိန်းသိမ်း စောင့်ရှောက်ထားလည်းဆိုတာတွေပေါ့။ စာရေးချင်ပေမဲ့ ဆန္ဒတွေ များနေလို့ ဘယ်ကစရေးရမှန်းမသိအောင်ကိုဖြစ်နေရတယ်။ ကဲ့ ဒီနေ့တော့ ဒီလောက်နဲ့ပဲ နားကြမယ်နော် မနက်ဖြန် အတွေ့ကြုံသစ်တွေ ထပ်ရေးမယ်။ အမှန်တော့ ဘုန်းဘုန်းအတွေ့အကြုံတွေ နောက်ပိုင်းမှာ မှတ်တမ်းကျန်ရစ်စေချင်တာပါ။
သမီးဒေးဒေး အေးအေးချမ်းချမ်းရှိပါ။
ဘုန်းဘုန်းဦးသုနန္ဒ
ကိုလံဘိုမြို့။ သီရိလင်္ကာနိုင်ငံ။ ၁၉. ၃. ၂၀၀၉ ၉း၄၉ Am
Wednesday, February 8, 2012
ဒေးဒေး သို့ ပေးစာများ (၃)
ဒေးဒေး
ဘုန်းဘုန်း ၂၀၀၈၊ ဖေဖ၀ါရီလ၊၂၁ ရက်နေ့က ကျောင်းစတက်တယ်။ အော် ကျောင်းဆိုလို့ ဘာကျောင်းမှန်းမသိဖြစ်နေဦးမယ်။ Sri lanka နိုင်ငံ၊ ကိုလံဘိုမြို့တော်က Kelaniya University ပါ။ မြန်မာပြည်မှာ B.A ဘွဲရတဲ့သူ၊ ဒါမှမဟုတ် ဓမ္မာစရိယအောင်မြင်ပြီးတဲ့သူတွေကို M.A ဘွဲတက်ဖို့ အသိအမှတ်ပြုပေးတယ်။ ဒါကြောင့် ဘုန်းဘုန်းလည်း အဲဒီတက္ကသိုလ်မှာ M.A တန်းတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တယ်လေ။ ဒါက ကျောင်း အကြောင်းကနေ စကားထွက်သွားတာပါ။ အမှန်ပြောချင်တာက အဲဒီမှာတွေ့ကြုံရတဲ့ အခြေအနေလေးနည်းနည်းကိုပေါ့။ ကျောင်းကိုဘတ်စ်ကားနဲ့သွားရတယ်။ နှစ်နာရီလောက်ကြာအောင်စီးရတယ်။ စာသင်ချိန်တွေက သူ့နိုင်ငံ ဘာသာစကားနဲ့ (ဆင်ဟာလီပေါ့လေ) လေ့လာသူတွေအတွက်တော့ မနက်ပိုင်းကနေ နေ့လည်ပိုင်း တစ်နာရီအထိသင်ရတယ်။ အင်္ဂလိပ် ဘာသာယူတဲ့ကျောင်းသားတွေအတွက် နေ့လည် ၂ နာရီမှစတက်ရတယ်။ ညနေ၆-နာရီမှကျောင်းဆင်းတယ်။ ကိုယ်နေတဲ့နေရာပြန်ရောက်တော့ ၈ နာရီထိုးနေပြီ။
နည်းနည်းပင်ပန်းတယ်။ အသွားအပြန်ဆိုတော့ တစ်နေ့ကို လေးနာရီလောက်စီးရတယ်။ အရမ်းပင်ပမ်းပေမဲ့ ဘုန်းဘုန်းပျော်တယ်။ အသားမကျသေးတဲ့ နေရာသစ်မှာဆိုတော့ အရာရာဟာ စမ်းတစ်ဝါးဝါးပေါ့။ ဒီလိုပုံနဲ့ ဆက်သွားလို့ အဆင်မပြေရင် သူငယ်ချင်းတွေနဲ့စုပြီး ကားတစ်စီးတော့ စီစဉ်ဖို့စိတ်ကူးထားတယ်။ လောလောဆယ်တော့ အဆင်ပြေသလို ကြည့် သွားလိုက်တော့တယ်။ ဒီလို အခက်ခဲတွေ ရှိနေပေမဲ့လည်း စိတ်ထဲတော့ အေးချမ်းနေတယ် သမီးရယ်။ ဒီမှာနေရတာ စိတ်ထဲမှာ တော့အလိုလိုအေးချမ်းနေတယ်။ ဘာကြောင့်ရယ်တော့မပြောတတ်ဘူး။ ရောက်ခါစဆိုတော့ အမေ ကိုလည်းလွမ်းတယ်။ တီတီကြီးကိုလည်းသတိရတယ် သမီးတို့နဲ့ ခွဲခွါလာတာလည်းမကြာသေးတော့ ပိုပြီးတော့ သတိရတယ်ဆိုပါစို့။
တီတီကြီးကိုတော့ စိတ်မပူနဲ့လို့ပြောပေးနော်။
၂၀ . ၂ . ၂၀၀၉၊ စနေညပေါ့။ ဘုန်းဘုန်းတို့ဆီမှာ ည ၉း၃၀ အချိန်၊ ခါတိုင်း မီးပျက်တယ်လို့ မရှိတဲ့ နိုင်ငံ ရုတ်တရက် မီးတွေပြတ်သွာားပြီး။ တိတ်ဆိတ်ငြိမ်သက်သွားတယ်။ တစ်ခုခုတော့ထူးခြားနေပြီဆိုတာ ရိပ်မိတယ်လေ။
ကိုလန်ဘိုတစ်မြို့လုံးမီးတွေအမှောင်ချထားတာ။ ဘာကြောင့်ပါလိမ့်ပေါ့။ နောက်တော့ တမိလ်သူပုန်တွေ လေကြောင်းက တိုက်မှာကို သတင်းရလို့ အမှောင်ချပြီးစောင့်တာလို့ပြောတယ်။ သိပ်မကြာဘူးသမီးရေ လေကြောင်းရန် ကာကွယ်ရေးစနစ်ကောင်းလေတော့ ဘုန်းဘုန်းတို့ခေါင်းပေါ်က ကောင်းကင်တစ်ခုလုံး သီတင်းကျွတ်မီးရူးပီပန်းပစ်သလိုပဲ ၀ုန်းဒိုင်းကျဲနေတော့တယ်။ ဘုန်းဘုန်းတော့ ဒီလိုမျိုး တစ်ခါမှလည်း မမြင်ဘူးတော့ စိတ်ထဲက နည်းနည်းကြောက်ပေမဲ့ အေးအေးဆေးဆေးပဲကြည့်နေလိုက်တယ်။ တစ်မြို့လုံးပြေးကြ လွှားကြနဲ့ အုန်းအုန်းကြွက်ကြွက်ညံနေတာပဲ ကောင်းကင်မှာတိုက်ပွဲဖြစ်တယ်။ လေယာဉ်ပစ်အမြောက်သံတွေလဲ ဆူညံနေတာပဲ။
ဘုန်းဘုန်းတော့ မကြောက်ပါဘူး။ အတွေ့အကြုံပေါ့။ မိနစ်သုံးဆယ်လောက်အချိန်အတွင်းမှာပဲ ရန်သူ လေယာဉ်နှစ်စင်ကို ပစ်ချနိုင်လိုက်တယ်တဲ့ သတင်းကြားရတယ်။ လုံခြုံရေးအရမ်းကောင်းတာပဲ။ ရန်သူဗုံးဖောက်လို့ ပြည်သူ ၂၈ ယောက်ဒဏ်ရာရတယ်လို့လည်း ကြားရတယ်။ ဘတ်စ်ကားတွေလဲ မကြာမကြာဗုံခွဲခံရတယ်။ အစိုးရဘတ်စ်ကားပေါ့။ အနီရောင်ကားကြီးတွေ။ ဘုန်းဘုန်းတော့
အန္တရယ်ကင်းအောင်ဆိုပြီ။ အစိုးရဘတ်စ်ကားကိုမစီးဘူး။ တစ်ခြားကားတွေကိုပဲစီးတယ်။ ဘာမှ မစိုးရိမ်ပါနဲ့လို့ တီတီကြီးကိုပြောပေးနော်။ တကယ်တော့ ဒီနိုင်ငံမှာ ဘုန်းဘုန်းလတ်တလော ကြုံတွေ့ရတာတွေ အမှတ်တရရှိအောင်ဆိုပြီး ရေးလိုက်တာပါ။ စားဝတ်နေရေးမှာ ဆွမ်းကတော့ ကိုယ်တိုင်ချက်ရတယ်၊ သူများနိုင်ငံဆိုတော့ ကိုယ်နိုင်ငံမှာလို အဆင်မပြေနိုင်ဘူးလေ။ အခုအခြေအနေကတော့ အဆိုးကြီးမဟုတ်တော့ဘူး။ တစ်ဖြည်းဖြည်းနဲ့ နေသားတစ်ကျဖြစ်သွားမှာပါ။ ဒီကအခြေအနေလေးတွေ သိရအောင်လို့ ဓာတ်ပုံမှတ်တမ်းလေးတွေပါ ပို့ပေးထားတယ်နော်။ စနေနဲ့ တနင်္ဂနေ့တွေလာရင် ဘုန်းဘုန်းနဲ့တွေ့နိုင်တယ်။
အခြားနေ့တွေဆို ကျောင်းမသွားခင် မနက်ပိုင်းလေးတော့တွေ့နိုင်တယ်လေ။ တစ်ခါမှ မမျှော်မှန်းထားတဲ့နေရာမှာ ပညာသင်ယူရတဲ့အခါ ထောက်ပံ့ပေးတဲ့ တီတီကြီးကို အရမ်းကျေးဇူးတင်မိတယ်။ သမီးနဲ့ စကားပြောဖြစ်တဲ့အခါလည်း ပြောပြလိုက်ဦးနော်။ ဘုန်းဘုန်းက အမြဲကျေးဇူးတင် အမှတ်တရရှိနေပါတယ်လို့……..။
သမိးရဲ့မေမေ ပြီးတော့ကြေးကြေးနဲ့ ဇူဇူအပါအ၀င် အားလုံးကိုသတိရပါတယ်ပြောပေးပါ။
သမီးအေးအေးချမ်းချမ်းရှိပါစေလို့ဆုတောင်းလိုက်တယ်။
ဘုန်းဘုန်း ဦးသုနန္ဒ
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။