Wednesday, February 8, 2012

ဒေးဒေး သို့ ပေးစာများ (၃)


ဒေးဒေး
ဘုန်းဘုန်း
၂၀၀၈၊ ဖေဖ၀ါရီလ၊၂၁ ရက်နေ့က ကျောင်းစတက်တယ်။ အော် ကျောင်းဆိုလို့ ဘာကျောင်းမှန်းမသိဖြစ်နေဦးမယ်။ Sri lanka နိုင်ငံ၊ ကိုလံဘိုမြို့တော်က Kelaniya University ပါ။ မြန်မာပြည်မှာ B.A ဘွဲရတဲ့သူ၊ ဒါမှမဟုတ် ဓမ္မာစရိယအောင်မြင်ပြီးတဲ့သူတွေကို M.A ဘွဲတက်ဖို့ အသိအမှတ်ပြုပေးတယ်။ ဒါကြောင့် ဘုန်းဘုန်းလည်း အဲဒီတက္ကသိုလ်မှာ M.A တန်းတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တယ်လေ။ ဒါက ကျောင်း အကြောင်းကနေ စကားထွက်သွားတာပါ။ အမှန်ပြောချင်တာက အဲဒီမှာတွေ့ကြုံရတဲ့ အခြေအနေလေးနည်းနည်းကိုပေါ့။ ကျောင်းကိုဘတ်စ်ကားနဲ့သွားရတယ်။ နှစ်နာရီလောက်ကြာအောင်စီးရတယ်။ စာသင်ချိန်တွေက သူ့နိုင်ငံ ဘာသာစကားနဲ့ (ဆင်ဟာလီပေါ့လေ) လေ့လာသူတွေအတွက်တော့ မနက်ပိုင်းကနေ နေ့လည်ပိုင်း တစ်နာရီအထိသင်ရတယ်။ အင်္ဂလိပ် ဘာသာယူတဲ့ကျောင်းသားတွေအတွက် နေ့လည် ၂ နာရီမှစတက်ရတယ်။ ညနေ၆-နာရီမှကျောင်းဆင်းတယ်။ ကိုယ်နေတဲ့နေရာပြန်ရောက်တော့ ၈ နာရီထိုးနေပြီ။
နည်းနည်းပင်ပန်းတယ်။ အသွားအပြန်ဆိုတော့ တစ်နေ့ကို လေးနာရီလောက်စီးရတယ်။ အရမ်းပင်ပမ်းပေမဲ့ ဘုန်းဘုန်းပျော်တယ်။ အသားမကျသေးတဲ့ နေရာသစ်မှာဆိုတော့ အရာရာဟာ စမ်းတစ်ဝါးဝါးပေါ့။ ဒီလိုပုံနဲ့ ဆက်သွားလို့ အဆင်မပြေရင် သူငယ်ချင်းတွေနဲ့စုပြီး ကားတစ်စီးတော့ စီစဉ်ဖို့စိတ်ကူးထားတယ်။ လောလောဆယ်တော့ အဆင်ပြေသလို ကြည့် သွားလိုက်တော့တယ်။ ဒီလို အခက်ခဲတွေ ရှိနေပေမဲ့လည်း စိတ်ထဲတော့ အေးချမ်းနေတယ် သမီးရယ်။ ဒီမှာနေရတာ စိတ်ထဲမှာ တော့အလိုလိုအေးချမ်းနေတယ်။ ဘာကြောင့်ရယ်တော့မပြောတတ်ဘူး။ ရောက်ခါစဆိုတော့ အမေ ကိုလည်းလွမ်းတယ်။ တီတီကြီးကိုလည်းသတိရတယ် သမီးတို့နဲ့ ခွဲခွါလာတာလည်းမကြာသေးတော့ ပိုပြီးတော့ သတိရတယ်ဆိုပါစို့။
တီတီကြီးကိုတော့ စိတ်မပူနဲ့လို့ပြောပေးနော်။

၂၀ . ၂ . ၂၀၀၉၊ စနေညပေါ့။ ဘုန်းဘုန်းတို့ဆီမှာ ည ၉း၃၀ အချိန်၊ ခါတိုင်း မီးပျက်တယ်လို့ မရှိတဲ့ နိုင်ငံ ရုတ်တရက် မီးတွေပြတ်သွာားပြီး။ တိတ်ဆိတ်ငြိမ်သက်သွားတယ်။ တစ်ခုခုတော့ထူးခြားနေပြီဆိုတာ ရိပ်မိတယ်လေ။
ကိုလန်ဘိုတစ်မြို့လုံးမီးတွေအမှောင်ချထားတာ။ ဘာကြောင့်ပါလိမ့်ပေါ့။ နောက်တော့ တမိလ်သူပုန်တွေ လေကြောင်းက တိုက်မှာကို သတင်းရလို့ အမှောင်ချပြီးစောင့်တာလို့ပြောတယ်။ သိပ်မကြာဘူးသမီးရေ လေကြောင်းရန် ကာကွယ်ရေးစနစ်ကောင်းလေတော့ ဘုန်းဘုန်းတို့ခေါင်းပေါ်က ကောင်းကင်တစ်ခုလုံး သီတင်းကျွတ်မီးရူးပီပန်းပစ်သလိုပဲ ၀ုန်းဒိုင်းကျဲနေတော့တယ်။ ဘုန်းဘုန်းတော့ ဒီလိုမျိုး တစ်ခါမှလည်း မမြင်ဘူးတော့ စိတ်ထဲက နည်းနည်းကြောက်ပေမဲ့ အေးအေးဆေးဆေးပဲကြည့်နေလိုက်တယ်။ တစ်မြို့လုံးပြေးကြ လွှားကြနဲ့ အုန်းအုန်းကြွက်ကြွက်ညံနေတာပဲ ကောင်းကင်မှာတိုက်ပွဲဖြစ်တယ်။ လေယာဉ်ပစ်အမြောက်သံတွေလဲ ဆူညံနေတာပဲ။
ဘုန်းဘုန်းတော့ မကြောက်ပါဘူး။ အတွေ့အကြုံပေါ့။ မိနစ်သုံးဆယ်လောက်အချိန်အတွင်းမှာပဲ ရန်သူ လေယာဉ်နှစ်စင်ကို ပစ်ချနိုင်လိုက်တယ်တဲ့ သတင်းကြားရတယ်။ လုံခြုံရေးအရမ်းကောင်းတာပဲ။ ရန်သူဗုံးဖောက်လို့ ပြည်သူ ၂၈ ယောက်ဒဏ်ရာရတယ်လို့လည်း ကြားရတယ်။ ဘတ်စ်ကားတွေလဲ မကြာမကြာဗုံခွဲခံရတယ်။ အစိုးရဘတ်စ်ကားပေါ့။ အနီရောင်ကားကြီးတွေ။ ဘုန်းဘုန်းတော့
အန္တရယ်ကင်းအောင်ဆိုပြီ။ အစိုးရဘတ်စ်ကားကိုမစီးဘူး။ တစ်ခြားကားတွေကိုပဲစီးတယ်။ ဘာမှ မစိုးရိမ်ပါနဲ့လို့ တီတီကြီးကိုပြောပေးနော်။ တကယ်တော့ ဒီနိုင်ငံမှာ ဘုန်းဘုန်းလတ်တလော ကြုံတွေ့ရတာတွေ အမှတ်တရရှိအောင်ဆိုပြီး ရေးလိုက်တာပါ။ စားဝတ်နေရေးမှာ ဆွမ်းကတော့ ကိုယ်တိုင်ချက်ရတယ်၊ သူများနိုင်ငံဆိုတော့ ကိုယ်နိုင်ငံမှာလို အဆင်မပြေနိုင်ဘူးလေ။ အခုအခြေအနေကတော့ အဆိုးကြီးမဟုတ်တော့ဘူး။ တစ်ဖြည်းဖြည်းနဲ့ နေသားတစ်ကျဖြစ်သွားမှာပါ။ ဒီကအခြေအနေလေးတွေ သိရအောင်လို့ ဓာတ်ပုံမှတ်တမ်းလေးတွေပါ ပို့ပေးထားတယ်နော်။ စနေနဲ့ တနင်္ဂနေ့တွေလာရင် ဘုန်းဘုန်းနဲ့တွေ့နိုင်တယ်။
အခြားနေ့တွေဆို ကျောင်းမသွားခင် မနက်ပိုင်းလေးတော့တွေ့နိုင်တယ်လေ။ တစ်ခါမှ မမျှော်မှန်းထားတဲ့နေရာမှာ ပညာသင်ယူရတဲ့အခါ ထောက်ပံ့ပေးတဲ့ တီတီကြီးကို အရမ်းကျေးဇူးတင်မိတယ်။ သမီးနဲ့ စကားပြောဖြစ်တဲ့အခါလည်း ပြောပြလိုက်ဦးနော်။ ဘုန်းဘုန်းက အမြဲကျေးဇူးတင် အမှတ်တရရှိနေပါတယ်လို့……..။
သမိးရဲ့မေမေ ပြီးတော့ကြေးကြေးနဲ့ ဇူဇူအပါအ၀င် အားလုံးကိုသတိရပါတယ်ပြောပေးပါ။

သမီးအေးအေးချမ်းချမ်းရှိပါစေလို့ဆုတောင်းလိုက်တယ်။
ဘုန်းဘုန်း ဦးသုနန္ဒ

ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

No comments:

Post a Comment