Tuesday, February 14, 2012

ဒေးဒေး သို့ ပေးစာများ (၅)


ဒေးဒေးရေ..
အေးချမ်းတဲ့မနက်ခင်းလေးဖြစ်ပါစေလို့ ဘုန်းဘုန်းဆုတောင်းလိုက်တယ်။ အရင်ပေးစာ (၄) ထဲမှာ ဒီကိုရောက်
ခါစ တွေ့ကြုံရတဲ့ နေထိုင်မှုအခြေအနေလေးတွေ ရေးထားတယ်။ အခု ဒီစာမှာတော့ ကံထူးလို့ စွယ်တော်ဖူးရတယ်ဆိုတာကို ပြောချင်တယ်။ မြတ်စွာဘုရားရဲ့ စွယ်တော်ဟာ သီရိလင်္ကာနိုင်ငံမှာ ကိန်းဝပ်တည်ရှိ ရှိတယ်။ လေးနစ် ဒါမှ မဟုတ် ငါး နှစ်မှတစ်ကြိမ် ဖွင့်တယ်လို့ ပြောသံကြားရတယ် တိတိကျကျတော့ မသိရသေးပါဘူး။ အဲ့ဒီအခါမှ တစ်နိုင်ငံလုံးက ဘုရားဖူးတွေ ကမ္ဘာအရပ်ရပ်ကဘုရားဖူးတွေနဲ့ စည်ကားလို့နေတယ်။ ဘုန်းလည်း ဒီလိုကြုံရခဲတဲ့ ကိစ္စနဲ့ ကြုံရတာ အင်မတန်ကံထူးတာပေါ့။ တကယ်လို့သာ ဒီနှစ်မလာဖြစ်ပဲ နောက်နှစ်မှသာ ပညာသင်ထွက်ခွါရရင် ဒီလို ကြုံတောင့်ကြုံခဲ စွယ်တော်ဖူးရဖို့ မလွယ်တော့ဘူးလေ။
ဘုရားဖူးတဲ့နေရာမှာ ထူးခြားချက်ကလေးကို တွေ့ရတယ်။ စွယ်တော်ဖူးဖို့ တန်းစီနေကြတဲ့လူတန်းကြီးဟာ

လေးဖက်လေးတန်အပြည့်ပေါ့။ လူပေါင်းသိန်းချီပြီးနေ့စဉ်လာကြတယ်။ အဲ့ဒီမှာ သူတို့ရဲ့ဝတ်စုံပေါ့သမီးရယ်။ သာမန်အချိန်မျိုးမှာ အ၀ါ အနီ အကြောင် အကြား တွေအ၀တ်များတဲ့ ဒီနိုင်ငံသားတွေဟာ ဒီနေရာမှာတော့ ထူးထူးခြားခြား အဖြူရောင် ၀မ်းဆက်အ၀တ်ကို သာဝတ်ကြတာတွေ့မြင်ရတယ်။ ဘယ်ကိုကြည့်ကြည့် အဖြူရောင်တွေပဲ လွမ်းမိုးနေတယ်။ သမီးဆီပို့တဲ့ ဓာတ်ပုံတွေထဲမှာ မြင်ရမှာပေါ့။ သူတို့ဟာ ဆူညံမှုမရှိပဲနဲ့ အေးအေးချမ်းချမ်းနဲ့ ငြိမ်သက်စွာပဲ တန်းစီကြတယ်။ လုံခြုံရေးကတော့ တော်တော်ကို တင်းကြပ်တယ်။ ခါတိုင်းဘယ်နေရာမျိုးကိုမဆို လွတ်လွတ်လပ်လပ်နဲ့ အစစ်အဆေးမရှိသွားနိုင်ပေမဲ့ ဒီနေ့ ဒီနေရာမှာတော့ လူအားလုံးကို လုံခြုံရေးအရ ရှာဖွေပါတယ်။ ဘုန်းဘုန်းတို့ ကိုယ် အနှံ့ရှာတာပဲ သူတို့က ဘုန်းဘုန်းတို့ကိုတော့
တန်းစီမခိုင်းတော့ဘူး စွယ်တော်တိုက်ရှိရာကို သွားပြီး တိုက်ရိုက်ဖူးခွင့်ရတယ်။
ငါးနှစ်မှတစ်ကြိမ်ဖူးရတဲ့ ဒီစွယ်တော်ကို ဖူးချင်ကြလွန်းလို့ ညအိပ်ပြီးစောင့်ကြတဲ့ လူတွေဟာ တစ်ရက်ဖူးပြီးတာနဲ့ပြန် မသွားကြဘူး။ နေ့တိုင်းနေ့တိုင်း ထပ်ခါထပ်ခါ တန်းစီပြီး

အကြိမ်ကြိမ်ဖူးကြတာကို တွေ့မြင်ရတယ်။ လူအချို့ကိုမေးကြည့်တော့ ၅ ကြိမ်ရှိပြီပြောတယ်။ အရမ်းအားရစရာကောင်းတာပဲ။ ဘုန်းဘုန်းနေတာက သူတို့နိုင်ငံရဲ့မြို့တော် ကိုလံဘို မှာလေ။ စွယ်တော်မြတ်ကတော့ ကန္ဒီဆိုတဲ့မြို့လေးမှာ ကိန်းဝပ်တည်ရှိတယ်ပေါ့။ စွယ်တော်ဖွင့်ပွဲနဲ့ကြုံတွေ့ရတာ ၀မ်းသာဖို့ သိပ်ကောင်းတယ်။ သူများတွေက ပြောတယ်။ သွားသာသွား ကြုံတောင့်ကြုံခဲပဲတဲ့ သီးခြားဘုရားဖူးလာရင် နောက်တပ်ငါးနှစ်စောင့်ရမှာ
လို့ပြောကြတယ်။ ဒါနဲ့ဘုန်းဘုန်းလည်း သွားဖို့စီစဉ်တာပေါ့။
ရထားနဲ့ သွားရင်လည်းရတယ်။ ဒါပေမဲ့ ဘုန်းဘုန်းတို့က ကားအပြတ်ငှါးလိုက်တယ်။ အသွားအပြန် စားသောက်တာတွေအပါအ၀င် အားလုံးကုန်ကျငွေက ၁၁၀၀ ရူပီးကျတယ်။ တစ်ပါးအတွက်ပေါ့နော်။ အားလုံးဆိုရင်တော့

မြန်မာငွေ တစ်သိန်းကျော်လောက်ကုန်းမယ်ထင်တယ်။ ဘုန်းဘုန်းတို့က နေ့ချင်းပြန်သွားလိုက်တယ်။ ဒီနေရာမှာ ပြောစရာရှိလာပြန်ပြီသမီးရယ်။ ကိုလံဘိုမြို့တော်ကနေ တောတောင် လျိုမြောင်တွေဖြတ်သွားရတဲ့ ကားလမ်းမိုင်ပေါင်းများစွာဟာ အင်မတန် ကောင်းမွန်သပ်ရပ်နေတယ်။ လမ်းပေါက်တာ ပျက်စီးနေတာမတွေ့ရဘူး။ ထူးခြားချက်တစ်ခုကလည်း လမ်းမိုင်များစွာမှာ လူတွေစွန့်ပစ်ထားတဲ့ အမိုက်တွေ ကြွပ်ကြွပ်အိပ်လို စွန့်ပစ် အမိုက်တွေ ဘာမှ မတွေ့ရတာပါပဲ။ သူတို့က တောတောင်ရေမြေနဲ့ သဘာဝပတ်ဝန်းကျင်ကိုလည်း အင်မတန် တန်ဘိုးထားကြတယ်။ သစ်တောစိမ်းစိမ်းတွေ နေရာတိုင်းမှာ ရှိတယ်။ ပိုပြီးတော့ အံသြစရာကောင်းတာတွေကိုလည်း တွေ့ခဲ့ရတယ်။ ပင်လည်ထဲက ကျွန်းနိုင်ငံလေးဖြစ်ပေမဲ့ ဘုန်းဘုန်းတို့နိုင်ငံက ရှမ်းတောင်တန်းကြီးတွေလို နောက်ရိုးမ

တောင်တန်းကြီးတွေလို ကြီးမားတဲ့ တောင် ရေမြေသဘာဝတွေကိုလည်းတွေ့ရတယ်။ ကန္ဒိဆိုတဲ့မြို့လေးဟာလည်း တောင်စောင်း တောင်ကုန်းတွေပေါ်မှာ တည်ထားတဲ့မြို့လေးဖြစ်တာမို့ အရမ်းသာယာတာပေါ့။ သိပ်သာယာတာပဲ။ အရမ်းလည်းအေးချမ်းတယ်။
ကန္ဒီကနေပြန်တော့ ဘုန်းဘုန်းဘ၀မှာ အရမ်းအဲ့သြခဲ့ရတယ်။ အရင် ဘုန်းဘုန်းက ရှမ်းပြည်နယ်အရှေ့ပိုင်း သုဝဏ္ဏသျှံတောင် သာသနာပြုဌာနမှာတာဝန်ကျခဲ့တာ သမီးသိတယ်နော်။ အခုလေ အဲ့ဒီရှမ်းပြည်နယ်က ဘုန်းဘုန်းနေခဲ့ဖူးတဲ့ သုဝဏ္ဏသျှံတောင်တန်းကြီးနဲ့ ၉၀ ရာနုန်းတူတဲ့ တောင်တန်းကြီးကို မြင်တွေ့ခဲ့ရတယ်။ ဘလော့ ခေါင်းစီမှာ တင်ထားတဲ့ စိမ့်ညို့နေတဲ့ တောင်တန်းကြီးပေါ့ ပိုပီးထူးခြားတာက လေးဒေါင့် စပ်စပ်ကျနေတဲ့တောင်ထိပ်ပုံပါပဲ ဘုန်းဘုန်းဖြင့် အရမ်းအံ့သြတာပဲ။ တိုက်ဆိုင်မှုတွေလား ကံစီမံမှုတွေလားတောင် မပြောတတ်တော့ဘူး သမိးရယ်။ စွယ်တော်ဖူးချိန်ဟာ အင်မတန်အံသြဖို့ကောင်းတယ်
စွယ်တော်မဖွင့်ခင် ပူပြင်းလိုက်တဲ့နေဟာ ပြောစရာမရှိအောင်ပဲ စွယ်တော်လည်းဖွင့်ရော မိုးတွေအုန့်လို့ ကောင်းကင်မှာ တိမ်တွေထူထပ်လို့ ချက်ချင်းတက်လာတယ်။ ဘုန်းဘုန်းတို့ အပြန်ခရီးမှာတောင် မိုးရေးတွေရဲ့ကြားမှာ စိုစိုပြေပြေနဲ့ ပြန်ခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့သမီးရယ် အတွေ့အကြုံကောင်းတွေဆိုတာ နောင်တစ်ချိန် အသုံးဝင်နိုင်ပါတယ်။ စားတွေဖတ်ရတာ ပျင်းနေပြီလား။ ဘုန်းဘုန်းက သမိးကိုရော မိသားစုအားလုံးကိုရော သတိရလွန်းလို့ရေးပို့တာနော်။ ဒိနေ့တော့ ဒီလောက်နဲ့ပဲ ရပ်ထားဦးမယ် နောက်မှ ဆက်ရေးတာပေါ့နော်။

ဒေးဒေးကျန်းမာချမ်းသာပါစေ။
အေးအေးချမ်းချမ်းရှိပါစေ။

ဘုန်းဘုန်းဦးသုနန္ဒ

ကိုလံဘိုမြို့။ သီရိလင်္ကာနိုင်ငံ။ ၂၀. ၃. ၂၀၀၉ 10-1. Am

No comments:

Post a Comment