Monday, August 31, 2009

မယုံရင် ပုံပြင်လို့သာမှတ်လိုက်


တစ်ခါတုန်းကတဲ့............
မှောင်မိုက်လှတဲ့ ည..လေးတစ်ည မှာပေါ့၊ အရက်သမားရယ်၊ ဘိန်းသမားရယ်၊ ဆေးခြောက်သမားရယ် လူသုံးယောက်ဟာ ခရီးတစ်ခုကို အတူသွားကြတယ်တဲ့။ လှေလေးတစ်စီးငှါးလို့ မြစ်ကြောင်း အတိုင်းစုံဆင်းလာကြတယ်။ ရေစုံခရီးဆိုတော့ အားစိုက်ပြီးလှော်စရာမလိုတော့ သိပ်ကြိးမပင်ပန်းလှဘူးပေါ့ဗျာ။ ဒါပေမဲ့ လမ်းရှင်းဖို့အတွက်နဲ့ လှေကို လမ်းကြောင်းမှန်ထိန်းဖို့တော့လိုတာပေါ့ သူတို့သုံးယောက်ထဲက အရက်ကြိုက်တဲ့သူက သူ့ပုလင်းလေးထုတ်ပြီး '' ငါ လှေဦးကနေ လမ်းရှင်းမယ်ဟေ့ '' လို့ပြောတယ်။ ဆေးခြောက်သမားကတော့ '' ငါက ပဲ့ထိန်းမယ်ဟေ့ '' ဘိန်းကြိုက်တဲ့သူကတော့ လှေဝမ်းထဲ အလယ်မှာ ခွေခွေလေးပဲ ဘိန်းရှူဖို့ပြင်ရင် '' မောင်ရင်တို့ သဘောအတိုင်းပါဗျား '' လိုပြောသတဲ့.......
ဒီလိုနဲ့ သူအကြိုက်သူရွေးချယ်လို့ လှေ လေးနဲ့ ခရီးထွက်လာကြတဲ့ သူသုံးယောက်ဟာ နည်းနည်းကြာလာတော့ သူတို့ မီဝဲထားတဲ့ အရက်ရှိန် ဘိန်း ဆေးခြောက်တွေက အစွမ်းပြနေလေတော့ သူနယ်ပယ်မှာ သူ့အတွေးတွေနဲ့ နှစ်မျောနေကြတုန်း လမ်းခရီးစစ်ဆေးရေးဂိတ်ရောက်တာမသိကြလိုက်ဘူးတဲ့
စစ်ဆေးရေးစခန်းက တာဝန်ကျ လူတစ်ယောက်က လက်နှိပ်မီးနဲ့ လမ်းထိုးပြီး
'' ဟေ့ မြစ်ထဲက လူသုံးယောက်ပါတဲ့လှေ ကမ်းကပ် '' လို့ လှမ်းအော်တယ်တဲ့ ဒီအချိန်မှာ သူတို့ရဲ့ အာရုံခံစားမှုနဲ့ သဘောထားတွေတစ်ခါတည်း ပေါ်လာတော့တယ်။
လှေရဲ့ ဦးပိုင်းမှာ နေတဲ့ အရက်သမားက ချက်ချင်းပဲ ပုဆိုးကတောင်းကျိုက်လို့ '' ဘယ်ကောင်လဲကွ ... ဒီး လို့ကပ်ရမှာလား........ မိုက်ရင် လှေပေါ်လာကွ... ဘယ်ခွေး မှ လူမထင်ဘူး.......ကွ ...'' မကြားဝံမနာသာတွေဆဲပြီး စိန်ခေါ်နေတော့တဲ့...
လှေဝမ်းထဲက ဘိန်းသမားကတော့ တုန်ရီကြောက်လန့်စွာနဲ့ '' အမလေးဗျ.... ကြောက်ပါပြီဗျ... ကပ်ဆိုကပ်ပါ့မယ်ဗျ '' လိုအော်တယ်တယ်တဲ့.....
လှေ နောက်ပိုင်းပဲမှာနေတဲ့ ဆေးခြောက်သမားကတော့ '' ကြည့်ကျက်လုပ်ကြပါ မောင်ရင်တို့ရာ.......ကမ်းကပ်ဆိုလဲ ကပ်ပါ့မယ်လို့ ပြောလိုက်ပါ မောင်ရင်ရာ..... '' လို့ ပြောတယ်တဲ့.. အဖြစ်အပျက်ကတော့ ဒါပါပဲ ။ ။
ဒီလိုပါပဲ ဘ၀ခရီးမှာ တစ်လှေထဲစီး တစ်ခရီးထဲ သွားကြရတဲ့အခါ အမြင်အတွေးမတူညီမှုတွေကို တွေ့ကြတတ်စမြဲပါ။ အဲဒီအခါ အရက်သမားလို ဖြစ်လာသမျှ ဒေါသနဲ့ တုန့် ပြန်မလား သတ္တိရှိရှိ တက်တက်ကြွကြွ ရင်ဆိုင်မလား၊ ဘိန်းသမားလို ကြောက်ပါပြီဗျလို့ ကုန်းအော်နေမလား.. ဆေးခြောက်သမားလို '' ကြည့်ကြက်လုပ်ကြပါ '' လို့ သဘောတရားတွေချ ပြမလား ..
ကိုယ်ကတော့ '' စဉ်းစဉ်းစားစားလည်းလုပ်ကြပါမောင်ရင်တို့ရာ'' လို့ပဲ အော်ပြောလိုက်ပါ့ရစေနော်။
ဘ၀ အမောပြေကြပါစေ။ အေးအေးချမ်းချမ်းရှိကြပါစေ

Saturday, August 29, 2009

အကြွေပန်းနဲ့ လမ်းပျောက်သူ


နှင်းမုန်တွေကြားမှာ ၀ိုးတ၀ါး မသဲမကွဲ နဲ့ ခရေပန်းအကြွေလေးတွေ လိုက်ကောက်နေတဲ့ သမီးလေးရေ.........
သမီးဘ၀မှာ မပြည့်စုံမှုတွေများပေမဲ့ ဒီအေးချမ်းတဲ့ဘ၀လေးမှာ ပျော်နေတာ မြင်ချင်တယ်။ သမီးလေး ဟောင်းနွမ်းအ၀တ်ကိုဝတ်ထားပေမဲ့ သမီးလေးရဲ့ ဖြူစင်တဲ့နှလုံးသားလေးက ကမ္ဘာလောကကိုအလှဆင်နေတယ်။
ဘာမှမလိမ်းခြယ်ထားပေမဲ့ သမီးလေးမျက်နှာဟာ အပြစ်ကင်စွာ ကြည့်ကောင်းနေတယ်။
အပြင်လောကရဲ့ ဟန်ဆောင်ဖုန်းကွယ်မှုတွေက ပိန်းပိတ်အောင် မှောင်နေတဲ့ မြူနှင်းတွေထက် များတယ်။ သိရခက်တယ်။ သမီးလေးလူလားမြောက်လာတဲ့အခါ သမီးရဲ့ ပင်ကိုယ်ရိုးသားဖြူစင်မှုတွေ ပြောက်ကွယ်သွားအောင် အမျိုးမျိုး သွေးဆောင်ကြလိမ့်မယ်။ အပြုံးတိုင်းဟာ မအေးမြတော့ဘူး၊ သမီးလေးရဲ့ သန့်စင်တဲ့ အပြုံးတွေ၊ ပင်ကိုယ်ရိုးသားမှုတွေကို ဆေးရောင်အမျိုးမျိုး နဲ့ ပြောင်းလှဲပစ်ကြလိမ့်မယ်။
သမီးလေးရေ.....ဘယ်လို ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာရောက်ရောက် ခေတ်မီသူ ခေတ်ဆန်သူ ဆိုတဲ့ ဂုဏ်တွေကို မတပ်မက်ပါနဲ့ ခေတ်ဆန်မှုတိုင်းမှာ အကောင်းအဆိုးရှိတယ်။ ကျန်းမာရေး ပညာရေး ခေတ်မီမှုတွေ ကို တန်ဘိုးထားပါ။ သမီးလေးရေ.......... ရှမ်ပိန်၊ ဘီယာသောက်ပြီး နိုက်ကလပ်တွေမှာ ဖင်လှုပ် ခေါင်းလှုပ် ခုံပေါက်နေမှ ခေတ်ဆန်မယ်ဆိုရင် အဲဒီခေတ်ဆန်မှုမျိုးထက် သနပ်ခါးပါးကြားကွက်လေးနဲ့ ရိုးသားစွာ အကြွေပန်းလေးကောက်နေရတဲ့ ဘ၀က တန်ဘိုးရှိပါတယ်။ ပါတီတက်ပြီး ကိုယ့်အိပ်ယာ ကိုယ်ပြန်မအိပ်တဲ့ ခေတ်မီမှုထက် တောတောင်ထဲမှာ ဟင်းရွက်ခူးနေတဲ သမီးလေးဘ၀က မွန်မြတ်ပါတယ်။ သမီးလေးရေ မွန်းကြပ်တဲ့ မြို့ပြလမ်းမကြီးတွေထက် လယ်ကွင်းစိမ်းစိမ်းကြားက ကန်စင်းရိုးပေါ်လမ်းလျောက်ရတာက
ပိုကောင်းတယ်။ ပျာတစ်အုံလို ပြွတ်ခဲနေတဲ့ ကန်ထရိုက်တိုက်တွေမှာနေရ တာထက် တောင်ကုန်းလေးပေါ်က တောင်ယာတဲမှာ လွတ်လပ်စွာနေရတာက ပိုကောင်းပါတယ်။
ဒါပေမဲသမီးလေးရယ် အမြဲအေးချမ်းနေခဲ့တဲ့ သမီးလေးတို့ တောင်ယာတဲလေးတောင် လူတွေရဲ့ လောဘ ဒေါသတွေနဲ့ တစ်ဦးအပေါ်တစ်ဦး မယုံကြည်မှုတွေက သမီးတို့ရဲ့ ငြိမ်းချမ်းနေတဲ့ကမ္ဘာလေးတောင် အခု ပျက်စီးနေပြီပဲလေ.........ဘယ်လိုဘ၀ပဲရောက်ပါစေ သမီးလေးရယ် အကြွေပန်းကောက် ထင်းခြောက်ရှာ ဘ၀မှာရှိခဲ့တဲ့ ရိုးသားမှုလေးကိုတော့ မပျက်စီးပါစေနဲ့နော်။
သမီးမွေးဖွားရာ တောင်ယာတောလေး အေးချမ်းပါစေ။ ခရေပင်ကြီး အပွင့်လှိုင်လှိုင်ဝေပါစေ။

Friday, August 28, 2009

အမေနဲ့ရွာကိုလွမ်းတယ်


အော် အိမ်နဲ့ခွဲခွါခဲ့ရတဲ့ နေ့ရက်တွေ ကြာလာတာနဲ့အမျှ အလွမ်းတွေက ရင်မှာဝင်ရောက်နေရာယူလို့ နေ၀င်ချိန် ပင်လည်ပြင်ကို ငေးမောကြည့်နေခိုက်မှာတောင် စိတ်က ဒီပင်လယ်ပြင်မှာမရှိဘူး ဒီပင်လယ်ကြီးရဲ့ အခြားတစ်ဖက အမေ့အိမ်ကို ရောက်နေတတ်တယ်။ စာသင်ခန်းမှာ စာသင်နေရတဲ့အခါမှာလည်း စိတ်နဲ့ကိုယ်နဲ့မကပ်တော့ ဘာသင်လိုက်မှန်းမသိလိုက်တဲ့ အချိန်တွေအများကြီး အလွမ်းဆိုတာ ဝေးကွာနေသူတွေအတွက် အကြောင်းပြချက်မရှိတဲ့ ဖြေသိမ့်မှုတစ်ခု ဖြစ်မယ်ဆိုရင် ကျွန်တော်လည်းလေ အမေနဲ့ဝေးကွာနေရတဲ့ နေ့ရက်တွေမှာ ဖြေသိမ့်နိုင်ဖို့ ''အရမ်းလွမ်းတယ် မေမေ '' ဆိုတဲ့ စကားလေးနဲ့ အဖေါ်ပြုနေရတယ်။
ဒီအချိန်ဆို မေမေဘာတွေလုပ်နေမလဲ စိတ်ထဲမျှော်မှန်းလို့ အမေကိုသတိရတဲ့ စိတ်တွေ ရင်ထဲ မွန်းကြပ်ခံစားနေရပေမဲ့ ရေးဖွဲစရာ စကားလုံးရှာမတွေဘူး။ ဒါပေမဲ့ ဘာပဲလုပ်လုပ် အမေ့ကို စိတ်က သတိရနေတတ်တာ ကြာပြီပေါ့.....
အမေ သားပြန်လာချင်ပြီ၊ အမေ့ကိုလွမ်းတယ်။ ဒီအချိန်ဆို ရေဖွေးဖွေးတွေနဲ့ စပါးခင်းလယ်တောကိုလွမ်းတယ်။ ဆွမ်းအုပ်ခေါင်းပေါ်တင်လို့ ဆွမ်းလှူသွားနေတဲ့ အမေ့ကို မြင်ရောင်တယ်။ ဖြစ်ထဲမျှောလာတဲ့ သစ်ထင်းတွေကို ရွက်လှေလေးတွေနဲ့ဆယ်ယူနေကြတာ ကိုလွမ်းတယ်။ တောင်ပေါ်က အင်ရွက်ချောက်ကြွေသံနဲ့ ပုစဉ်းရင်ကွဲအော်သံကို လွမ်းတယ်။ နွေဦး ရာသီရဲ့ ယောက်ဖခွေးခေါ် ငှက်၊ ဥသြ ငှက် တွန်သံတွေကို ကြားချင်တယ်။ စက်သံဆူညံနေတဲ့ ရွှေတူးတဲ့ လုပ်ကွက်တွေကို လွမ်းတယ်။ မီးခိုးတစ်လူလူထနေတဲ့ တောင်ယာတောတွေကိုလွမ်းတယ်။လပြည့်ည ရဲ့ ဖိုးလမင်းကို မြက်ခင်းစိမ်းစိမ်းမှာ ပက်လက်အိပ်လို့ ကြည့်ရင်း လေညှင်းခံရတာကို လွမ်းတယ်။ ည မိုက်ညမှာ ခွေးတစ်အုပ်ရဲ့ ထိုးဟောင်သံ အူသံတွေကို ကြားယောင်
နေတယ်။ မနက်စောစော ရွာဦးကျောင်းက အုန်းမောင်းခေါက်သံကို သတိရတယ်။
နေလုံးနီနီကြီးက မင်းသမီးတောင်ထိပ်တည့်တည့်ကို ငုတ်လျိုးဝင်သွားတဲ့ နေ၀င်ချိန်ရှုခင်းကို ကမ်းပါးထိပ်ကနေကြည့်ချင်တယ်။ ဖုန်တစ်ထောင်းထောင်းထနေတဲ့ ကျွဲ နွားတွေ အိမ်ပြန်ချိန်ကို လွမ်းတယ်။ ကျွန်းမြေ သဲသောင်ပြင်မှာ မီးတုတ်တွေထွန်းလို့ ပုရစ် ပိုးကုန်း ရှာနေတဲ့ ညမြင်ကွင်းကို ကြည့်ချင်တယ်။ အေးချမ်းတဲ့ တောသဘာဝတွေကို လွမ်းတယ်အမေရယ်။ အမေရယ် ... အမေနဲ့လည်းတွေ့ချင်တယ်။ ဒီသဘာဝ အလှတွေကို လွတ်လပ်စွာ ခံစားခွင့်ရချင်တယ်။ ဒါတွေဟာ သားလေး ဘ၀မှာ ပျောက်ဆုံးနေတာ
ကြာခဲ့ပြီမေမေ.... တစ်နေ့နေ့တစ်ချိန်ချိန်မှာ အမေ့ ရင်ခွင်ကိုခိုလှုံချင်တယ်။ အမေ့ပတ်ဝန်းကျင်သဘာဝအလှ ရှုခင်းတွေအားလုံးကို လွတ်လပ်ပျော်ရွှင်မှုတွေနဲ့ ကြည့်ရှုခံစားချင်တယ်အမေ။
မေမေအသက်ရာကျော်ရှည်ပါစေ...........
မေမေရဲ့ အဝေးရောက်သား
သီချင်းလေးနားထောင်လိုက်ဦးမယ်နော် ထူးအိမ်သင်ရဲ့ အမေ့အိမ်လေးပေါ့

Sunday, August 23, 2009

ကံဆိုးတဲ့ တစ်နေတာ


ငါ မနက်အိပ်ယာနိုးတဲ့ချိန်
မိုးတိမ်တွေတက်လာပြီး
လျှပ်တစ်ပျက် မိုးက ဖြိုးဖြိုးဖျောက်ဖျောက်
ရေချိုးမယ်အလုပ်
ခွေခေါက်ပြုတ်ကျလို့
ရုတ်တရက်မှီရာကို လှမ်းအဆွဲမှာ
ထုပ်တန်းပေါ်က ပိန်ညောင် က
စောစောစီးစီး
ဦးခေါင်းပေါ်ချီးပါချသဗျား။
အဲ့ဒီမနက်ပေါ့
အင်တာနက် ချက်တင်းဝင်တော့
မဟုတ် အတင်းတွေပြောပြီး
ယမင်းကညာလေးက
ဇွတ်အတင်း ဘလော့ သွားလို့
ဟန်ဆောင်ပြုံးပြီး စိတ်အားတင်းမယ်ကြံခါမှ
သတင်းတစ်ခုက....
''မင့် အဖိုး ခြေကျိုးလို့ဆေးရုံတင်'' တဲ့
ကံဆိုးချက်ကတော့
ပိုးစိုးပက်စက်ပဲဟေ့
ဒီကြမ္မာ ဆိုးက
ဘယ်တုန်းကတည်းကငြိုးထားတယ်မသိဘူး
ပြောပါရစေဦးနော်
စိတ်ပျက်တာကြောင့်
အိပ်စက်ကာ အနားယူတော့မယ်အတွေးနဲ့
အိပ်ယာပေါ်ထိုးအအိပ်
သိပ်ရက်စက်တယ်ဗျာ..
သေခြင်းဆိုးပုရွက်က
ကျုပ်ထိပ်လာကိုက်ပြန်ရော (ငယ်ထိပ်)
ဒီလိုနဲ့
အိပ်မရလို့ ကုန်းအထမှာ
ဗြုန်းကနဲ အသံကြီးနဲ့
ခုတင်ဘောင်ကြီးကျိုးပြန်ပါရောဗျို့။



Friday, August 21, 2009

အိပ်ခြင်းကို ရွံမုန်းသူ နှင့် ငြိမ်းချမ်းတဲ့ကမ္ဘာရှာဖွေသူ


ကျမ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်သွားမိခဲ့တဲ့ ညလေးတစ်ညဟာ ကျမဘ၀အတွက် အစားထိုးမရနိုင်တဲ့ ရှူံးဆုံးမှုတွေများစွာကို ပေးဆပ်ခဲ့ရတယ်။ နှလုံးသားတွေကွဲကျေခဲရတယ်။ အားကိုးရမဲ့ သားယောက်ျားလေး ဖွားမြင်တဲ့ ညမှာပဲ ကျမဘ၀ နေ၀င်သွားသလိုဖြစ်ခဲ့ရတယ်။ ကျမအတွေးက ဒီသားလှရတနာလေး မွေးဖွားလာတော့ ဇနီးမယားမေတ္တာအပြင် သားလေးအပေါ် ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်း မေတ္တာတစ်ခုပါ ရစ်ပတ်နွယ်လာတဲ့အတွက် ဒီတစ်ခါတော့ ကျမတို့သားအမိအပေါ် မောင်တော်ရဲ့ ချစ်မေတ္တာတွေ ခိုင်မြဲတော့မယ်၊ ကျမတို့ကို စွန့်ခွါသွားရက်တော့မှာ မဟုတ်ဘူးလို့ တွေးတောမိခဲ့တယ်။ အတွေးနဲ့ ကြည်နူးမ၀ခင်မှာ မောင်တော်ရဲ့ အရိပ်အယောက်လေးကိုပါမတွေ့ရလေတော့ ရွှေနန်းတော်တစ်ခုလုံး အုံးအုံးကျွက်ကျွက် ဆူညံပွက်လို့....၊ ကျမတော့ သိလိုက်ပါပြီ မောင်တော်ဟာ သားလေးနဲ့ ကျမကိုရော ရွှေထီးရွှေနန်းကိုပါ အပြီးတိုင် စွန့်ခွါသွားပြီဆိုတာကို .............။
တွယ်တာမှုကို အခြေခံတဲ့ ကြေကွဲမှုများစွာကို အဲဒီည မိုးမလင်းခင်မှာပဲ ကျမခံစားခဲ့ရတယ်။ တစ်နေ့နေ့မှာ ဒီလိုကြေကွဲမှုတွေနဲ့ ရင်ဆိုင်ရမှာကိုသိလျှက်နဲ့ မတားဆီးနိုင်ခဲ့တာ။ တားဆီးလို့ ရနိုင်မှာလည်း
မဟုတ်ပါဘူးလေ.........။
မောင်တော်ဟာ သားလေးနဲ့ ကျမအနားမှာ ထာဝရရှိနေတော့မှာပဲလို့ ကျမဖာသာကျမ တွေးထင်ထား
ခဲ့မိတယ်။ ဒါဟာ ရူးသွပ်မှုတစ်ခု ဖြစ်နေမယ်ဆိုရင်တောင် ဒီရူးသွပ်မှုလေးနဲ့ပဲ အသက်ရှင်ချင်ခဲ့တာပါ။
ဝမ်းနည်းအားငယ်မှုကို ခံစားရပေမဲ့လည်း မောင်တော်က ကျမတို့သားအမိကို စွန့်ခွါသွားသည့်တိုင် အသဲတွေလည်းမမာနိုင်၊ နာ လည်းမနာနိုင်ဖြစ်နေရတယ်။ ကျမလေ... ဒီလိုဖြစ်ခဲ့တာတောင် မောင်တော် မင်းသားအပေါ်ချစ်တဲ့ ကျမရဲ့ ချစ်ခြင်းမေတ္တာတွေဟာ ဆံချည်တစ်မျှင်စာလေးမျှ မလျော့ပါးခဲ့ပါဘူး။ ဒါပေမဲ့လေ ကျမရင်ထဲမှာ သိပ်မုန်းတာတစ်ခုတော့ရှိလာခဲ့တယ်။
'' အိပ်ခြင်း '' ကို ကျမသိပ်မုန်းသွားခဲ့တယ်။ '' မုန်းတယ် မုန်းတယ် '' ဆိုတဲ့စကားကို ထပ်ခါထပ်ခါ ကျမစိတ်ထဲမှာ ရေရွတ်ရင်း ဒီအိပ်ခြင်းကို ကျမအရမ်းရွံမုန်းနေမိတော့တယ်။
အမှန်တကယ် အိပ်ပျော်သွားရင် လောကကြီးဘာဖြစ်လာမလည်း ဆိုတဲ့အတွေးတွေနဲ့ ...........
ယသောဓရာမင်းသမီးလေးလိုပဲ ကိုယ်လည်း အိပ်ပျော်သွားချိန် ချစ်သူတွေက ကိုယ့်ကိုစွန့်ခွါ....ကိုယ်က ချစ်သူတွေကိုစွန်ခွါသွားမှုတွေများ ကြုံတွေ့ရလေမလား ဆိုတဲ့အတွေးတွေနဲ့ အိပ်ရမှာကို ကြောက်လန့်နေမိ
တော့တယ်။ အိပ်ရမှာကို ရွံမုန်းမိတော့တယ်။
ယသောဓရာမင်းသမီးလေးဟာ သူမအိပ်ပျော်နေမိတဲ့ ညလေးတစ်ညမှာ ရွှေနန်းတော်၊ သူမနဲ့ မွေးကင်းစ သားတော်လေးကို သူ့မောင်တော် သိဒတ္ထမင်းသား ဘုရားအလောင်က စွန့်ခွါလို့ တောထွက်သွားတဲ့
အချိန်ကစပြီး အိပ်ခြင်းကို ရွံမုန်းသွားခဲ့တယ်။
စွန့်ခွါရက်သူက စွန့်ခွါရက်သော်လည်း မမုန်းနိုင်သူအဖို့တော့ အိပ်မပျော်တဲ့ ညများစွားကိုဖြတ်သန်းလို့.....
နစ်တွေကြာလာတော့လည်း အော်... မောင်တော်ဟာ သူ့ရဲ့ပြည့်စုံမှု၊ ကြည်နူးသာယာမှုတွေကို စတေးပြီး ကျမတို့သားအမိနဲ့ ကပိလ၀တ် ပြည်သူပြည်သားတွေကို စွန့်ခွါသွားတာဟာ မုန်းလို့ မဟုတ်ပါဘူးဆိုတာရယ် ...လောကရှိ သတ္တ၀ါအားလုံးကို သနားကြင်နာမှုတွေနဲ့ ကယ်တင်ဖို့ဆိုတာရယ်.. သိလိုက်ရတဲ့ အချိန်မှာတော့ ကျမရော သားလေးနဲ့ ကပိလ၀တ်နေ ပြည်သူပြည်သားအားလုံးပါ မောင်တော် ရှာဖွေတွေ့ရှိတဲ့ '' အေးငြိမ်းတဲ့ ကမ္ဘာသစ် '' မှာ အပူအပင်ကင်းစွာနဲ့ ပြန်လည်ဆုံဆည်းနေကြရပြီဆိုတာ သဘောပေါက်နားလည်သွားတော့တယ်။

ဘုရားအလောင်းသိဒ္ဒတ္တမင်းသားနဲ့ ယသောဓရာမင်းသမိးလေးအကြောင်းကို အိပ်မပျော် တဲ့ ညလေးတစ်ညမှာ ခံစားမှုတွေနဲ့ ရောမွေလိုက်မိတယ်။
အားလုံးအေးအေးချမ်းချမ်းရှိကြပါစေ။

Wednesday, August 19, 2009

သင်ကြားမှုနဲ့ရှင်သန်ခြင်း


'' တို့တော့ အသက်ကြီးပါပြီကွာ ပညာသင်ရတာ သိပ်မဟုတ်တော့ဘူးလို့ '' ပြောသူတွေအတွက် သီရိလင်္ကာနိုင်ငံ ကေလနီယတက္တသိုလ်မှာ MA တန်း တက်ရောက်သင်ကြားနေတဲ့ ဒီမေမေက '' ငါမအိုသေးဘူး ''လို့
ပြောနေသလိုပဲ လူငယ်ကျောင်းသားတွေနဲ့ အတူ ပညာသင်ယူနေတယ်။ ဒို့မြန်မာနိုင်ငံမှာဆိုရင် ဒီအသက်အရွယ်ဟာ မြေးချီနေတဲ့အရွယ်၊ ဒါမှမဟုတ် တရားဘာဝနာပွါးနေလောက်တဲ့အရွယ်ပေါ့။ သိပ်အံ့သြစရာကောင်းတယ်နော်။ ရာသက်ပန် ပညာရေးစနစ်ကို မိးမှောင်းထိုးပြနေသလိုပဲ။ ဒီမေမေကြီးက ကျောင်းသားတွေထဲမှာ အသက်အကြီးဆုံးပဲ အခြား ကျောင်းသားကျောင်းသူတွေရဲ့ အသက်အရွယ်ထဲမှာ ဒီအမေက အကြီးဆုံးမို့ ဦးတည်ရေးရပေမဲ့ တစ်တန်းတည်းမှာပဲ အသက် 50 ကျော် 60 ကျော် ကျောင်းသားကျောင်းသူတွေ အများကြီးပဲ 2009- ခုနစ် ကေလနိယတက္ကသိုလ်ကျောင်းသူကြီးပေါ့။ ဒီအမေကြီးကိုမြင်တော့ ကျောင်းတက်ရတာနည်းနည်း အားရှိလာတယ်။ တို့နိုင်ငံက ကျောင်းသူ ကျောင်းသားတွေကို ဒီအကြောင်းပြောပြချင်တယ်။ နောက်အလျဉ်းသင့်ရင်တော့ စာတစ်စောင်ဖြစ်အောင်ရေးဦးမယ်။ အခုတော့ အချိန်မရလို့ဗျို့ ဒီလောက်ပဲ ရေးလိုက်တယ်။
အေးအေးချမ်းချမ်းရှိကြပါစေ။ ။

Tuesday, August 18, 2009

အလွမ်းတွေနဲု့မန္တလေး


မန္တလေးမှာမွေးတဲ့ မန္တလေးသားမဟုတ်ပေမဲ့ ကျွန်တော်မန္တလေးကိုချစ်တယ်၊ မန္တလေးမှာပျော်တယ်။ မန္တလေးကိုသတိရတယ်။ ဘာကြောင့်လည်းဆိုတော့ တက္ကသိုလ်မတက်ခက်အစောပိုင်း နှစ်နှစ်လောက်အပြင် တက္ကသိုလ်တက်ဖြစ်တော့ လေးနှစ် တစ်ခါကျောင်းပြီပြန်တော့ အင်္ဂလိပ်စာသင်တာလိုလို ကွန်ပျူတာသင်တာလိုလိုနဲ့ ယောင်တောင်တောင်နေလာတာက နှစ်နစ်ဆိုတော့ မန္တလေးကို သတိရတယ်လိုပြောရင် မလွန်လောက်ပါဘူးနော်။
ကျောင်းပိတ်ရက်တွေဆို မန္တလေးတောင်ပေါ်တက်ပြီ လေးပြင်လေးရပ် အလှအပရှုခင်းတွေကို ငေးမောကြည့်ရတာ အရမ်းပျော်စရာကောင်းတယ်။ အင်း .... အတွဲလေးတွေတွေ့ရင်တော့လည်း မသိမသာချောင်းကြည့်မိခဲ့တယ်ပေါ့။ မန်းတောင်ထိပ်ကနေ ညို့မှိုင်းနေတဲ့ ရန်ကင်းတောင် ရေတံခွန်တောင်ရှုခင်းတွေ၊ ကွေ့ကောက်စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးနဲ့ မင်းကွန်းတောင်ရိုး၊ မင်းဝံတောင်၊ စစ်ကိုင်းတောင်ရှုခင်းတွေ မသဲမကွဲ ၀ိုးတ၀ါးမြင်ရတဲ့ စစ်ကိုင်းတံတားကြီး၊ မြိုတွင်းဖက်ကြည့်လိုက်ရင်လည်း အရင်ဆုံးလမ်းမြင်ရတာက အံ့သြစရာကောင်းတဲ့ ရတနာပုံ နန်းမြို့ရိုးနဲ့ ကျူံးရေပြင်၊ လယ်ကွင်းစိမ်းစိမ်းတွေနဲ့ ပဏာရနေတဲ့ မြောက်ကဖက်ရှုခင်းတွေ အိုး.... ပြောရင်းဆိုရင်း သတိတရ တမ်းတစရာ လွမ်းစရာတွေကို ပိုပြီးတော့တောင်လွမ်းလာတယ်။ ကဲ မန္တလေးရဲ့ အလှအပတွေနဲ့ ကြုံဆုံဖူးတဲ့သူတွေနဲ့ အဝေးရောမန္တလေးသားတွေအတွက် လက်ဆောင်လေးထည့်ပေးလိုက်မယ်နော်။ ရွှေမန်းဆီသို့ဆိုတဲ့ သီချင်းလေးနားထောင်ပြီး အလွမ်းပြေနိုင်မလား ပိုပြီးတော့ပဲ လွမ်းလာမလား.............ဆိုတာ။
အေးအေးချမ်းချမ်းရှိကြပါစေ။ ။

Monday, August 17, 2009

ကြီးပွါးချင်ရင် ဒါတွေသိဖို့လိုတယ်နော်



ဘုရားရှင်လက်ထက်က သိင်္ဂါလ ခေါ်တဲ့ သူဌေးသားတစ်ယောက်ဟာ

ရာဇဂြိုဟ်မြို့အပြင်ကိုထွက်ပြီး ရေစိုအ၀တ်ကိုဝတ် ရေစိုစိုနေတဲ့ဆံပင်တွေနဲ့

အရှေ့အရပ်၊ တောင်အရပ်၊ အနောက်အရပ်၊ မြောက်အရပ်၊ အတက်အရပ်၊

အောက်အရပ် ခေါ်တဲ့ အရပ် 6 မျက်နှာကို လက်အုပ်ချီပြီးရှိခိုးနေတယ်။

ဒီအချိန်မှာပဲ မြတ်စွားဘုရားက ရာဇဂြိုဟ်မြို့တွင်း ဆွမ်းခံကြွစဉ်မှာ အရပ် 6

မျက်နှာကို ရှိခိုးနေတဲ့ သိင်္ဂါလ သူဌေးသားကို မြင်တော့

မြတ်စွာဘုရားက “ သူတို့သား သင်ဟာ စိုစွတ်တဲ့အ၀တ်၊ စိုစွတ်တဲ့ ဆံပင်တွေနဲ့

အရပ် 6 မျက်နှာကို လက်အုပ်ချီရှိခိုးနေတာဟာ ဘာကြောင့်ပါလဲ”

လို့မေးတယ်၊

သိင်္ဂါလ သူတို့သားက “ မြတ်စွာဘုရား..... တပည့်တော်ရဲ့ အဖေ

မသေခင်လေးမှာ “ ချစ်သား အရပ် 6 မျက်နှာကို သေချာစွာစိတ်စွဲလို့

အမြဲရှိခိုးရစ်ပါ “ လို့နောက်ဆုံးစကားမှာထားခဲ့တာကြောင့်

မိဘစကားလေးစားသောအားဖြင့် တပည့်တော် အရပ် 6 မျက်နှာကို

ရှိခိုးနေပါတယ်ဘုရား “ လို့လျှောက်ထားတယ်။

မြတ်စွာဘုရားက သိင်္ဂါလသူဌေးသာ…… အရပ် 6 မျက်နှာကို သေချာစွာစွတ်စွဲလို့

အမြဲရှိခိုးရမယ်လို့မှာခဲ့တဲ့ သင့်ဖခင်ရဲ့ စကားဟာ အခု သင်ရှိခိုးနေတဲ့ အရှေ့အရပ်၊ တောင်၊ အနောက်၊ မြောက်၊ အထက်၊

အောက်အရပ်တွေကို ဆိုလိုတာမဟုတ်ဘူး ဟုမိန်တော်မူတယ်။ သိင်္ဂါလ သူဌေးသားကလည်း မြတ်စွာဘုရာ အရပ် 6

မျက်နှာဆိုတာ ဘာတွေပါလဲဘုရား လို့ ထပ်ပြီးလျှောက်ထားတယ်။ အဲဒီအခါ မြတ်စွာဘုရားက

အမိ၊ အဘ စတာတွေဟာ အရပ်မျက်နှာတွေဖြစ်တယ်။ အမိဝတ်၊ အဘ၀တ်စတာတွေကို နေရာတစ်ကျ

ပြုစုလုပ်ကျွေးခြင်းတွေဟာ အရပ် 6 မျက်နှာကို ရှိခိုးခြင်းဖြစ်တယ် လို့မိန်တော်မူတယ်။

ဒီနေရာမှာ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီက ကဗျာသံပေါက်ကလေးစပ်ဆိုထားတယ်။

အရပ်ခြောက်မျက်နှာ 6 ပါးအကျဉ်း

-မာတာ ပိတာ၊ ရှေ့ဒိသာ၊ ဆရာတောင်ရပ်ငြား။

-သား, မယားလျှင်၊ အနောက်ခွင်၊ မိတ်သင်မြောက်အလား။

-ကျွန်ကျေးအောက်ဟူ။ အထက်မူ၊ သူမြတ်ရဟန်း ပုဏ္ဏား။

-အရပ်ဒိသာ၊ ခြောက်မျက်နှာ၊ လုံစွာ ဆို့ပိတ်ထား။

အမိအဘတွေကို သားသမီးကျင့်ဝတ်အတိုင်း၊ သားသမီးတွေကို မိဘကျင့်ဝတ်အတိုင်း ပြုစုစောင့်ရှောက်မှုမျိုး၊ ဆရာတွေကို

တပည့်ကျင့်ဝတ်အတိုင်း၊ တပည့်တွေကို ဆရာကျင့်ဝတ်အတိုင်း ပြုစုစောင့်ရှောက်မှုမျိုး၊ သားသမီးနဲ့ ဇနီးမယားအပေါ်

လင်ယောက်ျားကျင့်ဝတ်အတိုင်း၊ လင်ယောက်ျားအပေါ် ဇနီးမယားကျင့်ဝတ်အတိုင်း ပြုစုစောင့်ရှောက်မှုမျိုး၊ မိတ်ဆွေ

အပေါင်းအသင်းတွေအပေါ်မှာ မိတ်ဆွေကျင့်ဝတ်အတိုင်း ပြုစုစောင့်ရှောက်မှုမျိုး၊ ကိုယ်ရဲ့အလုပ်သမား

ဝန်ထမ်းတွေအပေါ်မှာ အလုပ်ရှင်ကျင့်ဝတ်အတိုင်၊အလုပ်ရှင်အပေါ် အလုပ်သမား ၀န်ထမ်းတွေက စောင့်ရှောက်မှုမျိုး၊

ပညာရှိ သူတော်ကောင်း ရဟန်းသံဃာတွေကို ယုံကြည်စွာ ဆည်းကပ်မှုမျိုး ဒီကျင့်ဝတ်တွေကို နယ်ပယ်အသီးသီးအလိုက်

လိုက်နာကျင့်သုံးခြင်း၊ ပြုစုစောင့်ရှောက်ခြင်းတွေဟာ အရပ် 6 မျက်နှာကို ရှိခိုးတာပါပဲ။

ဒီနေရာ ကျင့်ဝတ်တွေကို ကဗျာလင်္ကာလေးတွေပဲရေးတော့မယ်။ အဓိပ္ပါယ်ကတော့ သိလောက်ပါပြီ။

သားသမိးတို့က ပြုလုပ်ရမည့် ကျင့်ဝတ် (၅) ပါး

1. မွေးတုံ့မွေးမှု၊ ပြုဖွယ်ပြု၊ ကုလမျိုးနွယ်တည်။

ဆက်ခံအမွေ၊ သေလွန်ပေ၊ မျှေ၀၀တ် ငါးမည်။

မိဘတို့က ကျင့်ရမည့် ကျင့်ဝတ် ( ၅ )ပါး။

2. မကောင်းမြစ်တား၊ ကောင်းရာထား၊ သင်ကြားတတ်ပညာ။

လျော်ရာအိမ်ပေး၊ အမွေပေး၊ ကျင့်ရေးဝတ် ငါးဖြာ။

တပည့်တို့က ကျင့်ရမည့် ကျင့်ဝတ် ( ၅ )ပါး

3. ထ ကြွ လုပ်ကျွေး၊ သင်အံမေး၊ ကျင့်ရေးဝတ်ငါးဖြား။

ဆရာသမားတို့က ကျင့်ရမည့် ကျင့်ဝတ် ( ၅ )ပါး

4. ယဉ်ကျေးစေမှု၊ မှတ်စေမှုနှင့်၊ တတ်မှုမချန်၊ ပြန်၍ဆောင်နှင်း၊ ဘေးကင်းစေမှု


ဝတ်ငါးခု၊ ပြုလေမြတ်ဆရာ၊

လင်ယောက်ျားတို့က ကျင့်ရမည့် ကျင့်ဝတ် (၅ )ပါး

5. မပေါ့စားမှု၊ နာဖွယ်မှုနှင့်၊ သူကိုမကျူး၊ စိုးမှူးလွဲထား၊


ဝတ်စားဆင်ယင်၊ ဤငါးအင်၊ လင်တို့ပြုရမြဲ။

အိမ်သူမယားတို့က ကျင့်ရမည့်ကျင့်ဝတ် (၅ )ပါး

6. အိမ်ရေးတွင်ကျယ်၊ အိမ်ဝယ်လူပေါင်း၊ ကောင်သားပြုအင်၊ စင်ကြယ်သီလ၊ ဓနစောင့်ထိန်း၊


မပြိန်းမပျင်း၊ အရင်းတရား၊ ၀တ်ငါးပါ၊ မယားပြုရမြဲ။

မိတ်ဆွေအပေါင်းအသင်းတို့အပေါ် အမျိုးသားတို့က ပြုရမည့် ကျင့်ဝတ် ( ၅ )ပါ။

7. ပေးဝေမျှတ၊ ပီယနှုတ်ချို၊ ကျိုးလိုပြုမူ၊ ကိုယ်တူပြုခြင်း၊


မချွတ်ယွင်းစေ၊ ဤငါးထွေ၊ မိတ်ဆွေကျင့်ဝတ်မျိုး။

အလုပ်ရှင်တို့က ပြုကျင့်ရမည့် ကျင့်ဝတ် ( ၅ )ပါး

8. အားတန်ခိုင်စေ၊ ကျေအောင်ပေးကျွေး၊ နာရေးပြုငြား၊ အစားကောင်းမျှ၊


လွှတ်သင့်ကလွှတ်၊ ကျင့်ဝတ်တရား၊ ဤငါးပါ၊ မှတ်သားအရှင့်ဝတ်။

အလုပ်သမားက အလုပ်ရှင်အပေါ် ပြုကျင့်ရမည့်ကျင့်ဝတ် ( ၅ )ပါ။

9. အလျင်ထမြောက်၊ နောက်မှအိပ်ရေး၊ ပေးမှလည်းယူ၊ ပြုမူကောင်းတုံ၊


ဂုဏ်ကိုပြောကြား၊ ဤငါးပါး၊ မှတ်သားကျွန်တို့ဝတ်။

ဒါယကာတို့ ကျင့်ဝတ် ( ၅ )ပါး

10. မေတ္တာသုံးပါး၊ တံခါးဟင်းလင်း၊ ကျွေးမွေးခြင်း၊ ငါးသင်းလူတို့ဝတ်။

ရဟန်းတို့က လူတို့အပေါ်ပြုကျင့်ရမည့်ကျင့်ဝတ် ( ၅ )ပါ။

11. မကောင်းမြစ်တာ၊ ကောင်းရာညွှန်ကြား၊ သနားစိတ်နူး၊ မကြားဖူးက၊

ပြသသွန်သင်၊ ကြားဖူးလျှင်မူ၊ ချဲ့ထွင်ခွဲခြမ်း၊ နတ်လမ်းရှင်းလင်း၊ ဖေါ်ပြခြင်း၊


ခြောက်သင်းရှင်တို့ဝတ်။


ဒီတရားတွေဟာ ကြိးပွါးတိုးတက်လိုသူတွေအတွက် အထောက်အပဲ့ အမှီကောင်းတွေပါ။


ကိုယ်ဆိုင်ရာနယ်ပယ်မှာ အမြဲကျင့်သုံးသူတစ်ယောက်ဟာ ကြီးပွါးတိုးတက်မှာမလွဲပါဘူး။ ကိုယ်က


သူများရဲ့ပြုံးပြမှုကိုလိုချင်ရင် ကိုယ်ကလည်း သူများကိုပြုံးပြနိုင်ရမယ်။ ကိုယ်မိဘဖြစ်လာတဲ့အခါ


ကိုယ့်သားသမိးတွေရဲ့ပြုစုစောင့်ရှောက်မှုတွေ ကျေးဇူးသိတတ်မှုတွေကို မျှော်လင့်ထားတယ်ဆိုရင်


ကိုယ်သားက သားသမိးဖြစ်နေခိုက်မှာ မိဘအပေါ်တာဝန်ကျေဖို့လိုပါတယ်။


မိတ်ဆွေကောင်းကိုလိုချင်ရင် ကိုယ်ကလည်း မိတ်ဆွေကောင်းပီသဖို့လိုတယ်လေ။


ဒီလိုပါပဲ လူဘ၀မှာ ကိုယ်ကသားသမီးဖြစ်လိုက်။ မိဘဖြစ်လိုက်၊ ဆရာဖြစ်လိုက်၊ တပည့်ဖြစ်လိုက်နဲ့


လုံးချာလိုက်နေတော့ အလှည့်ကြမနွဲစတမ်း ကြုံလာတဲ့ ဘ၀ပေးတာဝန်တွေကို


ကျေနပ်စွာပေးဆပ်မှု ရယူမှုတွေနဲ့ ပျော်ပျော်ကြီးလျောက်လှမ်းနိုင်ကြပါစေ။


နောက်အလျင်းသင့်ရင်တော့ မိတ်ဆွေတု၊ မိတ်ဆွေစစ်အကြောင်းနဲ့ မိတ်ဆွေအမျိုးအစားတွေ အရက်သောက်ခြင်း၊


လောင်းကစားလုပ်ခြင်းရဲ့အကျိုးအပြစ်တွေကို ရေးသားပါဦးမယ်။


အေးအေးချမ်းချမ်းရှိကြပါစေ။

-


Sunday, August 16, 2009

ဒုတိယမေမေ


မေမေက ကျွန်တော့်ကို ခက်ခဲပင်ပန်းစွာနဲ့ လူ့လောက ကြီးထဲသွတ်သွင်းခဲ့တယ်။ မေမေနဲ့ အတူနေရတဲ့ အချိန်တွေမှာ လိုအပ်မှုဆိုဆာမရှိသလောက်ပဲ မေမေက အမြဲဖြည့်ဆည်းပေးခဲ့တယ်လေ။ နားလည်သိတတ်တဲ့အရွယ်အထိ မွေးမေမေရဲ့ အေးချမ်းမှုတွေကို ရရှိခဲ့တယ်။ ကျောင်းသားအရွယ် ပညာသင်ချိန်မှာတော့ မွေးမေမေနဲ့ ဝေးကွာသွားခဲ့ရတယ်။ ချစ်ခြင်းများစွာနဲ့ မေတ္တာတွေမပျက်ကြပေမဲ့ မေမေနဲ့ ကျွန်တော်က တစ်နေရာစီဝေးကွာလို့............ သတိရတမ်းတနေရတော့တယ်။
နောက်တော့ လောကအသစ်မှာ ဘ၀သစ်ကို တစ်ဖန်မွေးဖွါးပေးလိုက်ပြန်တာက အမေတစ်ယောက်
ငြိမ်းချမ်းတဲ့ကမ္ဘာမှာ ရပ်တည်ဖို့ စေတနာ မေတ္တာခွန်အားတွေနဲ့ လိုအပ်သမျှ ပံပိုးခဲ့တယ်။ ဒါဟာ ကျွန်တော်
့ဘ၀ရဲ့ ဒုတိယမေမေပေါ့။
ဒီအမေက ကျွန်တော့်ကို စိတ်ကြိုက်ရွေးချယ်ခွင့်တွေကို ပေးတယ်။ လွတ်လပ်စွာနေတဲ့ ကျွန်တော့ဘ၀ကို ဘယ်လိုအနှောင်အဖွဲမှမပေးဘူး ကျွန်တော်ကြိုက်တဲ့ လမ်းကို ရွေးချယ် ဖို့အမြဲပြောတယ်။ နောက်ကတော့ ဒီမေမေက အမြဲပံ့ပိုလို့ အားပေးနေတယ်။ ကျွန်တော့ဘ၀ရဲ့ သုံးပုံပုံ နှစ်ပုံနီးပါး ဒီမေမေရဲ့ စောင့်ရှောက်ပေးမှု အားပေးမှုတွေနဲ့ ရှင်သန်ရတယ်။ အပူသောကတွေများလွန်းတဲ့ ဒီလောကကြီးအတွင်းမှာ သောကကင်းအောင် ဘယ်လိုနေရမယ်ဆိုတာ ဒီမေမေက အလုပ်နဲ့သက်သေပြတယ်။
ကိုယ်တိုင်တရားထိုင်ပြတယ်။ အေးငြိမ်းမှုတွေကိုရှာဖို့ ပါးစပ်က မပြောဘူး ကိုယ်တိုင်လုပ်ပြီး ရှေ့ကနေဦးဆောင်မှုပေးတယ်။ လွန်ခဲ့တဲ့ ဆယ်စုနစ်တွေနဲ့မတူအောင်ကိုပဲ အခု ဒီမေမေရဲ့ မျက်နှာဟာ အရမ်းကို အေးချမ်းနေတယ်။ စိတ်ရဲ့အေးချမ်းမှုတွေဟာ မေမေမျက်နှာမှာ ထင်ဟတ်ပေါ်လွင်နေတယ်။ တရားဓမ္မနဲ့ လမ်းကြောင်းပြရုံတင်မက လိုအပ်အရာမှန်သမျှ ဖြည့်ဆည်းပေးတဲ့ ဒီမေမေကို လောကထဲစတင် မွေးဖွါးပေးတဲ့ မေမေလိုပဲ စိတ်ထဲမှတ်ယူမိတော့တယ်။
မေမေ အေးအေးချမ်းချမ်းရှိပါစေ။ ။

Friday, August 14, 2009

ဒုက္ခရှာသူ


ကြာပါပြီလေ...
ငါကိုယ်တိုင်
အချစ်ကို အပြစ်လို့ ယူဆထားခဲ့တယ်။

- တစ်ခါတစ်လေလည်း
ငတ်မွတ်နေတဲ့ချစ်ခြင်းများ
ဘယ်တော့များ ပြန်လည်မွေးဖွါးလာမလဲလို့
တိတ်တခိုး မျှော်လင့်မိပြန်ရော။

- တကယ်တော့လေ...
ဝေဒနာဆိုတာ ခံစားသူအတွက်ပါ
မင့်မုန်းလို့ ငါ ရှူံးရင်တောင်
မင့်မရှူံးအောင်
ငါအလျော့ပေးတယ်လို့ မှတ်
မင့်ပြုံးလို့ ငါငိုခဲ့ရင်တောင်
မင့်မငို ရအောင် ငါဖန်တီးပေးတယ်လို့မှတ်
မင့်မချစ်လို့
အပြစ်လို့မြင်ခဲ့မယ်ဆိုရင်
မင့်အပြစ်ကို ငါဖုံးကွယ်ခဲ့တယ်လို့မှတ်
ဖြူစင်တဲ့အချစ်ကို ငါပေးမယ်
တကယ်ချစ်ရင် အပြစ်ကင်းစင်တယ်
မင့်ဘာလုပ်လုပ် ငါချစ်တယ်
မင့် ဘာပြောပြော ငါသဘောကျတယ်
မင့်ဘာတွေးတွေး ငါအားပေးတယ်၊

-ချစ်သူ့အိမ်
သုဿာန်တစလို အကျည်းတန်နေရင်တောင်
နတ်ဘုံ အလား ငါခံစားမယ်
မင့်အတွက်ဆို ငါငိုရဲတယ်
ဘာပဲလိုလို ငါပံ့ပိုးမယ်
ငါတကယ်ရချင်တာက
ချစ်သူရဲ့ သန့်စင်သောအပြုံးပန်းတစ်ပွင့်
ငါ့ နှလုံးအိမ်မှာ ထိုးစိုက်ထားချင်တယ်....။ ။

နှင်းဆီ


ရှေးစာဆိုရှင်များက နှင်းဆီကို တော်ဝင် နှင်းဆီလို့ တင်စားခဲ့ကြတယ်။ နှင်းဆီဟာ ဂုဏ်မြင့်သူတွေရဲ့ ပြရုပ်တစ်ခုလို့ ဆိုရင်တောင်ရမလားမသိဘူး-
-လယ်တောကအပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး။
-မနက်တုန်းဆီက
ကျော့ဆုံးကို မောင်မြင်တော့
သူဆံတွင် နှင်းဆီပွင့်ရယ်နှင့်
ဂုဏ်တင့်တယ်လေး။ ။
နှင်းဆီဟာ ခရေထက် ဂုဏ်ရှိတယ်တဲ့ ဒါပေမဲ့ ဘာကြောင့်ရယ်မသိဘူး ကျွန်တော်ကတော့
ခရေပန်းကို မြတ်နိုးတယ်။ ဘာကြောင့်လည်းဆိုတော့ ခရေ ပန်းပွင့်လေးတွေဟာ အလှမပီပေမဲ့
ဆူးနှင်းဆီထက်တော့ ရနံ့ကမွေးတယ်လေ။ ခြောက်သွေ့သွားသည့်တိုင် ရနံ့လေးက သင်းသင်းကြိုင်လို့ပေါ့။ နှင်းဆီးနဲ့ ခရေ အပြေးပြိုင်ကြစတမ်းဆို ကိုယ်က ခရေရဲ့ ပရိတ်သလေ။ ဒါပေမဲ့ နှင်းဆီကို မမုန်းပါဘူး နှင်းဆီက ဂုဏ်မြင့်လွန်းတော့ ကိုယ်နဲ့မထိုက်တန်သလိုမျိုးမို့ ဘ၀တူ ခရေလေးနဲ့ပဲ မှေးစက်ပါရစေတော့နော်။

Thursday, August 13, 2009

မေမေ


''မေမေ'' ရေ...........
-ရေ အေးအေးလေးတစ်ခွက်
အမေ့ လက်နဲ့ တိုက်ပေးပါ။

-အမေ ၀ါးကျွေးတဲ့ ထမင်းဖြူတစ်ဆုပ်ကို
တရုတ် ဆိုင်က ထမင်းထက် သတိရနေတာ သား လေးပေါ့။

-အမေချုပ်ပေးတဲ့ အင်္ကျီလေးက
သားဘ၀ကို နွေးထွေးစေတယ်။

-သား ကျောင်းပြေးတော့
အမေ သားကိုရိုက်ပြီး
တိတ်တခိုး ရှိုက်ငိုနေတာ သားသိတယ်။

-ကျောင်းတက်ရန် မြို့သွားဖို့ လိုက်အပို့မှာ
ကားမထွက်ခင် မျက်ရည်စို့တာ သားမြင်တယ်။

-သား ဘွဲ့ယူချိန် အမေ့မျက်နှာ
စန္ဒာလမင်း ရှုံးလောက်အောင်
အပြုံးရောင်တွေတလက်လက်
ဆံ ပင်ဖြူ အသက်ကြိးပေမဲ့
မရင့်ကျက်သေးတဲ့ ကလေးသူငယ်လိုပဲ
သားအတွက် ချစ်ခြင်းမှာတော့ နုနေဆဲ...၊

-ခုချိန်မှာကား..........
နိုင်ငံရပ်ခြား၊ တိုင်းတစ်ပါးမှာ
ခွဲခွါလို့သာ၊ နေရပါသည်
ဌာနေကိုလွမ်း၊ မျှော်ကာမှန်းလို့
တမ်းတစိတ်မှာ ၊ မဖြေသာပြီ
ရင်မှာမောပန်း ၊ ပြန်လမ်းကိုမျှော်
အခွင့်ပေါ်သော်၊ ပျော်ပျော်ရွှင်ရွှင်
သားပြန်ချင်သည်..............
ရွာအ၀င်မှာ-
အမေလာကြိုလှည့်ပါနော်။





ကြောင်မလေး


ကြောင်ချစ်တဲ့ သူငယ်ချင်းတစ်ယောက်ကို ကြောင်မလေးလို့ ခေါ်တဲ့အခါ သူက ချစ်စနိုးလေးနဲ့ '' ဝေါင်း '' '' ညောင် '' လို့ ပြန်အော်တတ်တယ်။ သစ်ပင်တက်တာကတော့ တကယ့်ကြောင်တစ်ကောင်လိုပဲ ပိတောက်ပင်ပေါ်တက်တဲ့နေရာမှာ သူဟာ အရမ်းလျင်မြင်တဲ့ သူပေါ့။ ဟင်းသီးဟင်းရွက် ခူးရင်လည်း ကိုယ်တိုင် တက်ခူးလေ့ရှိတယ်။
တကယ်တော့ သူဟာ ပျော်ရွှင်စွာနေတတ်သူလေးပါ။ စကားနိုင်ပြောရင် အနိုင်ရမှ ကျေနပ်တဲ့ သူမျိုး ဒါကြောင့် သူနဲ့ စကားပြောရင် အမြဲတမ်းအနိုင်ပေးရတယ်။ '' နင်ထက် ငါသာတယ် '' လို့ပြောမိရင် '' တစ်ခုပို '' ဆိုပြီး အနိုင်နဲ့ ပိုင်းတတ်သူပေါ့။ ဒီလိုနဲ့ ပဲ ကိုယ်ပါရောပြီး ကြောင်ကိုချစ်မိသွားတော့တယ်။
ကြောင်မလေး အေးချမ်းပါစေ။

Wednesday, August 12, 2009

သီချင်းလေးနားထောင်လိုက်ပါဦး

တစ်ခါတစ်ခါ ဘယ်သူ့ကိုလွမ်းရမှန်းမသိဘူး စိတ်ထဲမှာ လွမ်းလွမ်းဆွေးဆွေးခံစားနေရတယ် တဲ့ ဒီသီချင်းလေးကို နားထောင်ပြီးရင်တော့ ဟို .....စိုင်းထီးဆိုင်သီချင်းလို '' နဂိုက ရှိပြီးသား အလွမ်းအဆွေး ဓာတ်ကို '' ဆွ '' ပေးလိုက်သလိုပဲ ... အပြင်မှာ ပူသလို ရင်မှာပူလာရင် ခက်လှချည်ရဲ့'' ........အဲ့လိုဖြစ်လာရင်တော့ တရားခံမရှာနဲ့နော်။ အေးချမ်းပါစေ။

Tuesday, August 11, 2009

ပရိုဂရန် ရဲ့ မြန်နှုန်းကို မြှင့်တင်ချင်တယ်ဆိုရင်

- Screen ရဲ့ အောက်ခြေမှာရှိတဲ့ ‘taskbar’ ကို Right click လုပ်ပါ။
- ပေါ်လာတဲ့ box ထဲက ‘Task Manager’ ရွေးပါ။
- ‘Task Manager’ ထဲကမှ ‘process tab’ ကို ရွေးချယ်ပါ။ ကိုယ့် ပီစီထဲမှာ ရှိတဲ့ ပရိုဂရမ်တွေ၊ browser တွေ ပေါ်ထွက် လာပါလိမ့်မယ်။
- ကိုယ် မကြာခဏ သုံးစွဲလေ့ရှိတဲ့ ပရိုဂရမ်ပေါ်မှာ “Right Click” နှိပ်ပါ။
- ‘pirority’ ကို High လုပ်လိုက်ပါ။
- ကိုယ်သုံးစွဲတဲ့ ပရိုဂရမ်ဟာ သိသိသာသာ အမြန်နှုန်း မြင့်တက်လာပါလိမ့်မယ်။

သံသရာ လည်နေတဲ့ တို့ ကမ္ဘာ

ကမ္ဘာကြီးရဲ့ ဖြစ် ပျက် ပြောင်းလည်း နေတာတွေ၊ ဘယ်အရာမှ မတည်မမြဲဘူးဆိုတာတွေနဲ့ နိုင်သူစားနေတဲ့ အစားသံသရာ လည်ပတ်မှုတွေ အံသြစရာသိပ်ကောင်းတယ်

မယုံဘူးဆိုတာ မကြုံဘူးသေးလို့ပါ

ကားကို ဘေးစောင်းမောင်တယ် လို့ပြောရင် ရယ်ကြမှာပေါ့ အခုတော့ ........

သူငယ်ချင်းအတွက် ကဗျာ တစ်ပုဒ် ရေးထုတ်ခြင်း


သူငယ်ချင်းတစ်ယောက်ရှိပါသည်.......
-သူဟာ
နေတော့ စ လုံး ( စင်္ကာပူ)
စားတော့ ကန်စွန်း (မှိုကန်စွန်း)
သုံးတော့ဒေါ်လာ
Computer latest နဲ့
အိပ်ပျက် ညတွေများနေသူ ပေါ့။

- ကွန်ပျူတာကို ဖဲချွေနေတာက ဗိုင်းရတ်
သူ့ရင်ကို မပြတ် နိပ်စက်နေတာက
သံသယအတွေး
တစ်ခါတစ်လေ '' အမလေး '' ကယ်ပါဦးတဲ့
တစ်ခါတစ်ခါလည်း ''ပျော်လိုက်တာ'' တဲ့
တစ်ခါတစ်ခါလည်း '' လူ့ရှေ့မှာ မငိုဘူး ''
ကွယ်ရာမှာ တိုးတိတ်စွာနဲ့
ကြိတ်မှိတ်ပြီး ငိုလိုက်တယ် တဲ့.....

-ငါ သူ့ ကို ဖုန်းဆက်တဲ့အခါ
အရမ်းပင်ပန်းလို့ပါ တဲ့
ရှောင် တိမ်းတဲ့ စကား နဲ့
G-talk မှာတော့ အစိမ်းပြနေလေရဲ့

-သူ့ကို ဘယ်လိုမေးမေး
သူပြောနေကျစာကားတစ်ခွန်း..
nothing to display ဆိုပဲ။
သူ့မှာ ချစ်စရာကောင်းတာက
ဘုကျကျ ဂျစ်ကန်ကန်
တစ်ယူသန်တစ်ဇွတ်ထိုး
အပေါက်ဆိုးတယ်ထင်ရပေမဲ့
သူနှလုံးသားဟာ နူးညံ့တယ်
သူ့အပြုံးဟာ ချိုသာတယ်
အဲ့.. နေ မသာရင်တော့ ရေမချိုးတာသူ့အကျင့်။

-ဒီမှာ သူငယ်ချင်း
Computer latest ကို
နှိပ်စက်တာက ဗိုင်းရတ်
သူ့နှလုံးသားကိုဖဲ့ချွေနေတာက
သံသယအတွေး လို့
ငါရေးခဲ့တယ်နော်။

-ဘယ်အရာမှ မရေရာတဲ့
ဒီကမ္ဘာမှာ
အသေချာဆုံးကတော့...
'' မင့် နဲ့ ငါ ''
ပြီးတော့...
အားလုံးရဲ့နှလုံးသားတွေကို
နေ့ ည မပြတ် ၀ါးမျိုနေတာက
ကြွက်ဖြူနဲ့ ကြွက်မဲ
အသဲကြွေပြုန်း
ခန္ဓာတွေဆုံး တဲ့အထိပေါ့

-ဒီလိုနဲ့ ...
ကြာလည်းမမေ့
ရှာလည်းမတွေ့
ငါ နဲ့ မင့်လည်း တစ်နေ့......။ ။



-


Sunday, August 9, 2009

ကန္ဒီမြို့ ဗုဒ္ဓမြတ်စွယ်တော်လှည့်ပွဲ

ဓါတ်ပုံလေးတစ်ပုံ တင်ကြည့်မယ်


ဘုန်းဘုန်း ကယ်ပါဦး စိတ်လေနေလို့ တဲ့ ဟုတ်လား

အမယ် ဒါမှ ဒုက္ခ........ ပုံပြင်တစ်ပုဒ်ပြောပြမယ် ကောင်းရင်တော့ forward မက်ဆေ့လုပ်လိုက်ပေါ့
အဖြစ်အပျက်က ဒီလိုဒီလို ညီမလေးရဲ..................
ဇာတ်လမ်းက ဘုန်းကြီးအပူနဲ့ လူအပူ ဘယ်က ပိုပူသလဲ တဲ့ problem က
ကျဉ်းမြောင်းတဲံ တောလမ်းလေး တစ်လမ်းပေါ်မှာ ဘုန်းကြီးတစ်ပါးနဲ့ ဒကာတစ်ယောက် ခရီးသွားရင်း ထွေရာလေးပါးပြောကြတယ်
အရှင်ဘုရား........... တပည့်တော်တို့ လူတွေရဲ့ဘ၀က တော်တော် အပူအပင်များတယ်ဘုရား လို့လျောက်တယ် ဒီတော့ ဘုန်းတော်ကြီးက
နေစမ်းပါဦးဒကာရ မင့်တို့ အပူက တို့လောက်မပူပါဘူးကွာ လို့မိန့်သတဲ့ ........ဒကာကလည်း တပည့်တော်တို့အပူက ပိုပူတယ်ဘုရာ....
တပည့်တော်တို့မှာ မိုးရွာမရှောင် နေပူမရောင် သားမယား ရပ်ရွာကိစ္စ အို .........အပူတွေမှ များလိုက်တာ အရှင်ဘုရား တို့များအေးချမ်းလို့ ဘယ်လောက်ကောင်းလည်း လို့ လျောက်တယ်။
ဘုန်းတော်ကြီးကလဲ ဘယ်ဟုတ်မလဲတဒကာရ တို့ အပူက ဒင်းတို့ထက် သာတယ်ဟ ဒကာက မိသားစု တစ်စုအတွက်ပဲ ပူရတာ တို့က တစ်ရွာလုံးအတွက်ပူရတာဟ အခု ကျောင်းမှာ ကျောင်းသားကိုရင်တွေ ထားခဲ့တာ ဒီကောင်တွေက မျောက်ရှုံးအောင်ဆော့တဲ့အကောင်တွေ အခု လောက်ဆို ကျောင်းဂျွန်းပြန်နေလောက်ပြီကွ။ နောက်ပြီး ငါမရှိရင် မင့်တို့ရွာ နှစ်ခြမ်းကွဲတော့မှာ ငါမှာစည်းရုံးနေရတာ ရွာထိပ်က လမ်းတံတားမကောင်းတာကအစ ငါပဲဦးဆောင်နေရတာကွ ရွာသူကြီးစကားဆို နားမထောင်ကြတော့ ငါပဲ ဦးစီးနေရတာကွ။ နောက်ပြီ ဟိုတစ်နေ့ကကွာ မင့်မြင်တယ်။ ရွာတောင်ပိုင်းက မိအေး ကလေးမဖွါးနိုင်တာ မင့်တို့ ရွာသားတွေဘာမှမလုပ်တတ်ဘူးမို့လား ငါမှာဘုန်းကြီးတန်မဲ့ နဲ့ကွာ ဟိုဖက်ရွာက ဆေးခန်းကို မနည် ပို့ပေးရတဲ့အပြင် ဆေးဖိုးပါပေးခဲ့ရတယ် ဒို့မို့ဆို ကလေးမ မိအေး သေမလားမသိဘူး။ ရွာစာသင်ကျောင်းမှာ ကျောင်းဆရာ နှစ်ယောက်ရှိတာ တစ်ယောက်က အလုပ်ထွက်သွားလို့ ငါမှာ မြို့တက်ပြီး ပညာရေးမှုးဆိုလား အဲ့ဒါ သွားပြောရတယ် နောက်တစ်ယောက်ချပေးဖို့ အိုကွာ အောက်ထစ်ဆုံး မနေ့က သာဒင်လယ်ကို ငဖြိုးရဲ့နွား ၀င်စားလို့ ပြဿနာတွေဖြစ်ကြတာ ဒါးတွေ ဒုတ်တွေနဲ့ ရွာလူကြီးလဲ ဘာမှမတတ်နိုင်ဘူး ငါ ကြားဝင်လို့ ကြိမ်းလုံးနဲ့ ဖြန်ဖြေပေးရတာ စုံလို့ကွာ တစ်ရွာလုံးအတွက် ပူနေရတာနဲ့ ငါမှာ တရားတောင်မထိုင်နိုင်ဘူး လို့ပြောသတဲ့
အဲဒီအချိန်မှာ စပါးတွေအပြည့်တင်ထားတဲ့ လှည်းတစ်စီးမောင်လာတယ် လမ်းက ကျဉ်းတော့ ရှောင်မောင်လို့လဲမရ ဆရာဘုန်းကြီးနဲ့ ဒကာကလည်း သူတို့ ရဲ့ သူအပူများတယ် ငါအပူများတယ် ဆိုတဲ့ problem ကအရေးကြီးနေတော့ လမ်းလည်ခေါင်မှာ ငြင်းနေကြတယ်။ ဒါနဲ့ စပါးလှည်းမောင်းလာတဲ့ ဒကာက ဗျို့.........ဆရာတော်နဲ့ ဒကာ လမ်းလေးနည်းနည်းလောက်ပါဘုရားလို့ အော်ပြီး လမ်းတောင်းတယ်တဲ့ ဟ တို့ကစကားပြောနေတာ မပြီးသေးဘူး ဟေ့ လှည်းမောင်းတဲ့ဒကာ မင့်လာပြီး ဖြေရှင်းပေးစမ်း မင့်တို့ လူ တွေရဲ့ အပူနဲ့ တို့ ဘုန်းကြီး အပူ ဘယ်က များသလဲလို့ ဆိုပြီး လှမ်းပြောတယ် ဒီအခါ လှည်းမောင်းလာတဲ့ဒကာက ပြန်ပြောတယ်တဲ့ ဒါက လွယ်ပါတယ် ဘုရား တပည့်တော်စမ်းသပ်ပါ့မယ်ဆိုပြီး သူ့လှည်းပေါ်က စပါး နှစ် ဆုပ် ကို ဘယ် ညာ ဆုပ်ပြီး ဆင်းလာတယ်တဲ့
ကဲ့ တပည့်တော် စမ်းသပ်မယ်ဘုရားလို့ လျောက်ပြီး ဘယ်လက်က ဆုပ်ထားတဲ့ စပါးနဲ့ ဘုန်းကြီးနဲ့ ငြင်းနေတဲ့ ဒကာကို လှမ်းပစ် လိုက်တော့ စပါးတွေက နီ ယုံပဲ နီ လာတယ် တဲ့။
နောက် ညာဖက်က ဆုပ်ထားတဲ့စပါးနဲ့ ဘုန်းကြီးကို လှမ်းပစ် လိုက်တော့ နီ ရုံမကပဲနဲ့ စပါးစေ့တွေဟာ ဘုန်းကြီးကိုယ်နဲ့လည်း ထိရော ဖျောက်ကနဲ ဖျောက်ကနဲ အသံတွေမည်ပြီး ပေါက်ပေါက်တွေဖြစ်ကုန်ရောတဲ့ ဒီတော့ လှည်းမောင်တဲ့ ဒကာက ဟုတ်တယ် ဘုရား ဘုန်းကြီး အပူက ပိုများပါတယ် လို့ လျောက်ရသတဲ့။ ကဲ့ ဘယ်လိုလဲ ကယ်ပါဦးလို့ အော်မနေနဲ့ ညီမရေ ........... တို့အပူက ပိုများသဟ။

မှတ်ချက်။ ပေါက်ပေါက် ဆိုသည်မှာ စပါးကို ကိုးကင်းနှင့်လှော်လျင် အခွံ ကွဲပြီး ပေါက်ထွက်လာသော ဆံပွင့်ကလေးများကို ခေါ်သည်။

ကြားဖူးနားဝကို ကိုယ့်အတွေးနဲ့ ကို ပြန်ပြင်ရေးထားတာ။
အေးအေးချမ်းချမ်းရှိကြပါစေ။
ဘ၀အမောတွေ ပြေကြပါစေ။
ကိုကြီး suvannasan