Friday, August 21, 2009

အိပ်ခြင်းကို ရွံမုန်းသူ နှင့် ငြိမ်းချမ်းတဲ့ကမ္ဘာရှာဖွေသူ


ကျမ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်သွားမိခဲ့တဲ့ ညလေးတစ်ညဟာ ကျမဘ၀အတွက် အစားထိုးမရနိုင်တဲ့ ရှူံးဆုံးမှုတွေများစွာကို ပေးဆပ်ခဲ့ရတယ်။ နှလုံးသားတွေကွဲကျေခဲရတယ်။ အားကိုးရမဲ့ သားယောက်ျားလေး ဖွားမြင်တဲ့ ညမှာပဲ ကျမဘ၀ နေ၀င်သွားသလိုဖြစ်ခဲ့ရတယ်။ ကျမအတွေးက ဒီသားလှရတနာလေး မွေးဖွားလာတော့ ဇနီးမယားမေတ္တာအပြင် သားလေးအပေါ် ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်း မေတ္တာတစ်ခုပါ ရစ်ပတ်နွယ်လာတဲ့အတွက် ဒီတစ်ခါတော့ ကျမတို့သားအမိအပေါ် မောင်တော်ရဲ့ ချစ်မေတ္တာတွေ ခိုင်မြဲတော့မယ်၊ ကျမတို့ကို စွန့်ခွါသွားရက်တော့မှာ မဟုတ်ဘူးလို့ တွေးတောမိခဲ့တယ်။ အတွေးနဲ့ ကြည်နူးမ၀ခင်မှာ မောင်တော်ရဲ့ အရိပ်အယောက်လေးကိုပါမတွေ့ရလေတော့ ရွှေနန်းတော်တစ်ခုလုံး အုံးအုံးကျွက်ကျွက် ဆူညံပွက်လို့....၊ ကျမတော့ သိလိုက်ပါပြီ မောင်တော်ဟာ သားလေးနဲ့ ကျမကိုရော ရွှေထီးရွှေနန်းကိုပါ အပြီးတိုင် စွန့်ခွါသွားပြီဆိုတာကို .............။
တွယ်တာမှုကို အခြေခံတဲ့ ကြေကွဲမှုများစွာကို အဲဒီည မိုးမလင်းခင်မှာပဲ ကျမခံစားခဲ့ရတယ်။ တစ်နေ့နေ့မှာ ဒီလိုကြေကွဲမှုတွေနဲ့ ရင်ဆိုင်ရမှာကိုသိလျှက်နဲ့ မတားဆီးနိုင်ခဲ့တာ။ တားဆီးလို့ ရနိုင်မှာလည်း
မဟုတ်ပါဘူးလေ.........။
မောင်တော်ဟာ သားလေးနဲ့ ကျမအနားမှာ ထာဝရရှိနေတော့မှာပဲလို့ ကျမဖာသာကျမ တွေးထင်ထား
ခဲ့မိတယ်။ ဒါဟာ ရူးသွပ်မှုတစ်ခု ဖြစ်နေမယ်ဆိုရင်တောင် ဒီရူးသွပ်မှုလေးနဲ့ပဲ အသက်ရှင်ချင်ခဲ့တာပါ။
ဝမ်းနည်းအားငယ်မှုကို ခံစားရပေမဲ့လည်း မောင်တော်က ကျမတို့သားအမိကို စွန့်ခွါသွားသည့်တိုင် အသဲတွေလည်းမမာနိုင်၊ နာ လည်းမနာနိုင်ဖြစ်နေရတယ်။ ကျမလေ... ဒီလိုဖြစ်ခဲ့တာတောင် မောင်တော် မင်းသားအပေါ်ချစ်တဲ့ ကျမရဲ့ ချစ်ခြင်းမေတ္တာတွေဟာ ဆံချည်တစ်မျှင်စာလေးမျှ မလျော့ပါးခဲ့ပါဘူး။ ဒါပေမဲ့လေ ကျမရင်ထဲမှာ သိပ်မုန်းတာတစ်ခုတော့ရှိလာခဲ့တယ်။
'' အိပ်ခြင်း '' ကို ကျမသိပ်မုန်းသွားခဲ့တယ်။ '' မုန်းတယ် မုန်းတယ် '' ဆိုတဲ့စကားကို ထပ်ခါထပ်ခါ ကျမစိတ်ထဲမှာ ရေရွတ်ရင်း ဒီအိပ်ခြင်းကို ကျမအရမ်းရွံမုန်းနေမိတော့တယ်။
အမှန်တကယ် အိပ်ပျော်သွားရင် လောကကြီးဘာဖြစ်လာမလည်း ဆိုတဲ့အတွေးတွေနဲ့ ...........
ယသောဓရာမင်းသမီးလေးလိုပဲ ကိုယ်လည်း အိပ်ပျော်သွားချိန် ချစ်သူတွေက ကိုယ့်ကိုစွန့်ခွါ....ကိုယ်က ချစ်သူတွေကိုစွန်ခွါသွားမှုတွေများ ကြုံတွေ့ရလေမလား ဆိုတဲ့အတွေးတွေနဲ့ အိပ်ရမှာကို ကြောက်လန့်နေမိ
တော့တယ်။ အိပ်ရမှာကို ရွံမုန်းမိတော့တယ်။
ယသောဓရာမင်းသမီးလေးဟာ သူမအိပ်ပျော်နေမိတဲ့ ညလေးတစ်ညမှာ ရွှေနန်းတော်၊ သူမနဲ့ မွေးကင်းစ သားတော်လေးကို သူ့မောင်တော် သိဒတ္ထမင်းသား ဘုရားအလောင်က စွန့်ခွါလို့ တောထွက်သွားတဲ့
အချိန်ကစပြီး အိပ်ခြင်းကို ရွံမုန်းသွားခဲ့တယ်။
စွန့်ခွါရက်သူက စွန့်ခွါရက်သော်လည်း မမုန်းနိုင်သူအဖို့တော့ အိပ်မပျော်တဲ့ ညများစွားကိုဖြတ်သန်းလို့.....
နစ်တွေကြာလာတော့လည်း အော်... မောင်တော်ဟာ သူ့ရဲ့ပြည့်စုံမှု၊ ကြည်နူးသာယာမှုတွေကို စတေးပြီး ကျမတို့သားအမိနဲ့ ကပိလ၀တ် ပြည်သူပြည်သားတွေကို စွန့်ခွါသွားတာဟာ မုန်းလို့ မဟုတ်ပါဘူးဆိုတာရယ် ...လောကရှိ သတ္တ၀ါအားလုံးကို သနားကြင်နာမှုတွေနဲ့ ကယ်တင်ဖို့ဆိုတာရယ်.. သိလိုက်ရတဲ့ အချိန်မှာတော့ ကျမရော သားလေးနဲ့ ကပိလ၀တ်နေ ပြည်သူပြည်သားအားလုံးပါ မောင်တော် ရှာဖွေတွေ့ရှိတဲ့ '' အေးငြိမ်းတဲ့ ကမ္ဘာသစ် '' မှာ အပူအပင်ကင်းစွာနဲ့ ပြန်လည်ဆုံဆည်းနေကြရပြီဆိုတာ သဘောပေါက်နားလည်သွားတော့တယ်။

ဘုရားအလောင်းသိဒ္ဒတ္တမင်းသားနဲ့ ယသောဓရာမင်းသမိးလေးအကြောင်းကို အိပ်မပျော် တဲ့ ညလေးတစ်ညမှာ ခံစားမှုတွေနဲ့ ရောမွေလိုက်မိတယ်။
အားလုံးအေးအေးချမ်းချမ်းရှိကြပါစေ။

No comments:

Post a Comment