Tuesday, February 7, 2012

ဒေးဒေး သို့ ပေးစာများ (၂)


ဒေးဒေးရေ..
အရင်တစ်ပတ်က စာဖတ်ရတယ်နော်၊ သမီးတို့ မမဇူတို့
စာမေးပွဲဖြေဖို့
ဘုန်းဘုန်းဆီ လာတဲ့အခိုက်ကာလတွေဟာ နိုင်ငံခြားက
စပွန်ဆာစောင့်နေတဲ့ အချိန်တွေဖြစ်တယ်လေ။ သူငယ်ချင်းအပေါင်းအသင်းကဏ္ဍကလည်း
အရေးကြီးတယ်ဆိုတာ ဒီနေရာမှာ ပြောပြဦးမယ်။ ဘုန်းဘုန်းနဲ့ခင်တဲ့
သူငယ်ချင်းတစ်ပါးက ပြည်ပကို အရင်ရောက်နှင့်တယ်။ သူက အခြေအနေတွေပြောပြတယ်။
လာချင်ရင်စပွန်ဆာပေးမယ်ပြောတယ်။ ဒါက အရင်က ခင်ခင်မင်မင်နေခဲ့ကြလို့ပေါ့။
သူငယ်ချင်းအပေါင်းအသင်းဆိုတာ အားလုံးအပေါ်မျှမျှတတ ပေါင်းရတယ်။
ဆင်းရဲချမ်းသာမရွေး ပေါင်းသင်းရတယ်။ ဒီလူနဲ့ပေါင်းလို့
နှစ်နာနိုင်တယ်ထင်ရင် ခပ်ခွါခွါပေါင်းပေါ့။ အကောင်းဆုံးက တွေ့ပြီဆိုတာနဲ့
အပြုံးနဲ့နုတ်ဆက်တတ်ဖို့ အရေးကြီးပါတယ်။ နောက်ပြီး
ကိုယ်က အရင်ဦးအောင်နုတ်ဆက်ရတယ်။ ဒါတွေဟာ အောင်မြင်မှုလမ်းကြောင်းတွေပေါ့။
ထားပါတော့။ ပြောချင်တာက လူ့သဘာသပတ်ဝန်းကျင်အကြောင်းပါ။
လူ့သဘာဝပတ်ဝန်းကျင်ဆိုတာ ကျယ်ဝန်းတယ်သမီးရယ်။
ဘုန်းဘုန်းနေရတဲ့ပတ်ဝန်းကျင်၊ သမီးနေရတဲ့ပတ်ဝန်းကျင်အားလုံးဟာ
သဘာဝတွေပဲပေါ့။ ဒီသဘာဝတွေကို လေ့လာထားရင် သဘာဝတွေနဲ့
လိုက်လျောညီထွေဖြစ်အောင်နေတတ်ရင် သမီးအဆင်ပြေပြီပေါ့။ လူတွေရဲ့သဘာဝကို
သိလေလေ ဆက်ဆံရေးပြေပြစ်လေလေပါ။ လူတိုင်းဟာ ညှင်သာပျော့ပြောင်းမှုကို
ကြိုက်ကြတယ်။ ကိုယ်က ချိုသာတဲ့စကားနဲ့ဆက်ဆံတာကိုလိုချင်တယ်။ ဒါပေမဲ့
ကိုယ်လိုချင်ရင် ကိုယ်ကလည်းအဲ့ဒီလိုကျင့်သုံးမှရတယ်။ ကိုယ်ကတော့
ချိုချိုသာသာပြောမှကြိုက်တာ။ သူများကို ကိုယ်ကပြောတော့ နည်းနည်းတင်းမာနေရင်
သူများဘယ်သဘောကျမလည်းနော်။ ဒါကလဲ လူသဘာဝပါသမီးရယ်။ လူဆိုတာ အတ္တ ဆန်ကြတယ်။
သူ့ကိုယ်သူ ရှေ့တန်းတင်ကျတယ်။ ကိုယ့်ကိုကိုယ် ရှေ့တန်းတင်ကျတဲ့
လူ့အသိုင်းအ၀ိုင်းမှာ သူများကို ရှေ့တန်းတင်သူတွေဟာ အောင်မြင်တာများတယ်။
ဒါကို ဘုန်းဘုန်းဥပမာနဲ့ပြောမယ်နော်။
လူမှာ စာနာမှုလိုအပ်တယ်လေ။ လုပ်စရာရှိရင် ရှေ့ကနေလုပ်။
အခွင့်အရေးကို နောက်မှယူ အဲ့ဒိလိုနေတတ်အောင်လေ့ကျင့်ပေးနော်။ အရင်က
ဘုန်းဘုန်း မကြာမကြာ ပြောပြောနေတာ။ လူမှာ စာနာတတ်ရတယ်လို့ သူငယ်ချင်း
သို့မဟုတ် မောင်နှမတွေအများကြီးကြားမှာ စားသောက်စရာနည်းနည်းရှိတဲ့အခါ
ကိုက စာချင်တဲ့ဆန္ဒကို ချိုးနှိမ်ပြီး မစားပဲနေတာမျိုး။
ကိုယ်ကအလျော့ပေးပြီ သူတို့လေးတွေပျော်ပျော်ရွင်ရွင်နေတာကို
ကြည့်ပြီး ကြည်နူတတ်အောင်ကြိုးစားရတယ်။ သူများပျော်ရွင်မှုတွေကို
ကြည့်ပြီးပျော်ရှင်တတ်လာရင် သူများအဆင်ပြေမှုကို ၀မ်းသာတတ်လာရင် ဘ၀ဟာအလိုလိုအဆင်ပြောလာလိမ့်မယ်။ ပါဠိစာပေမှာတော့ မုဒိတာ လို့ခေါ်တယ်လေ။
ဒီနေရာမှာ စကားသင့်တုန်း သမီးတို့လူနေမှုဘ၀မှာ
အမြဲကြားနေရတဲ့ ဒါနဆိုတာကို ဘုန်းဘုန်းပြောပြမယ်။ ဒါန= လှူတယ်။ ပေးတယ်။
ဆိုတာ ဒါနဆိုတဲ့ ပါဠိစကားလုံးကြောင့်ကြီးကျယ်နေတာ။ အမှန်တော့ ဒီဒါနဆိုတာ
ဘုရား၊ တရား၊ သံဃာ စတဲ့ မြင့်မြတ်သူတွေကို လှူမှ ဒါနမဟုတ်ပါဘူး။
ဒါနဆိုတာကို အများနားလည်းအောင်ဘုန်းဘုန်းပြောပြမယ်။
ဒါနဆိုတာ ကိုယ့်ဆီမှာရှိတဲ့ ပြည့်စုံမှုတွေကို
မပြည့်စုံသူတွေနဲ့ မျှသေခံစားခြင်းလို့ ဘုန်းဘုန်းတော့ ဖွင့်ဆိုတယ်။
ကိုယ့်မှာရှိတဲ့ ပိုလျှံမှုတွေထဲက မပြည့်စုံသူတွေနဲ့ မျှဝေခံစားတတ်ရင်
အဲ့ဒီလူဟာ ဒါနနဲ့နေတဲ့သူပေါ့။ ကှိုဆီကပိုလျှံတဲ့ အစားအစာနဲ့ အခြားလိုအပ်မဲ့ အရာတွေကို မျှဝေသုံးစွဲစမ်းပါ စိတ်ချမ်းသာမှုတွေ ရလာလိမ့်မယ်။ အောက်ထစ်ဆုံး
ခွေးကြောင်စတဲ့ သတ္တ၀ါလေးတွေကို စိတ်ကောင်းကောင်နဲ့မျှဝေတာဟာလည်း ဒါနပဲပေါ့။ ကိုယ်အသုံးမလိုတော့တဲ့
အ၀တ်ဟောင်းတွေကို ကိုယ့်လောက်မရှိတဲ့ လိုအပ်တဲ့ ဆင်းရဲနေတဲ့ ကလေးတွေကို
စိတ်ထားဖြူစင်စွာနဲ့ မျှဝေပေးတာဟာလည်း ဒါနပဲပေါ့။ ဒီနေရာမှာ စိတ်ထားက
အရမ်းအရေးကြီးတယ်။ အမှန်တကယ်သူတို့လေးတွေ အဆင်ပြေပါစေဆိုတဲ့စိတ်ထားနဲ့
ပေးဖို့လိုတယ်။ ကိုယ်က အသုံးမြ့ပုတော့တဲ့ အ၀တ်အထည်ဟောင်းလေးတွေကို
လိုအပ်တဲ့ ကလေးတွေကိုပေးလိုက်လို့ သူတို့လေးတွေ
ဘယ်လောက်ပျော်ရွင်ကြမလဲဆိုတာကို ကြည့်ပြီး သူတို့ ၀မ်းသာလေလေ ကိုလည်း
ကြည်နူးမှုများများဖြစ်ရလေပဲလေ။ သူတို့ပျော်ရွှင်တာကို ကြည့်ပြီး
ကြည်နူးရတဲ့ကိုယ့်စိတ်ဟာ ကိုယ်ကိုတိုင်း ရယူလိုက်ရတဲ့
ကြည်နူးမှုနဲ့မတူပါဘူး။ သူများပျော်တာကို ၀မ်းမြောက်တတ်တဲ့ ကြည်နူးမှုက
ပိုပြီးတော့ လေးနက်တယ်။ ဒါကို မုဒိတာ လို့ခေါ်တယ်သမီးရယ်။
ဒိနေရာမှာ သမီးအဓိကမှတ်ရမှာက ကိုယ့်ပတ်ဝန်းကျင်အပေါ်
အလျော့ပေးပြီးဆက်ဆံပါ။ မိသားစူတွေကို စာနာပါ။ ဒါနဆိုတာ ပြည့်စုံမှုတွေကို
မပြည့်စုံသူတွေနဲ့ မျှဝေခံစာခြင်းဖြစ်တယ် ဆိုတာမှတ်ထားနော်။
ဒီနေ့တော့ ဒီလောက်နဲ့နားလိုက်ကြဦးစို့သမီးရယ်။
သမီးဒေးဒေး အေးအေးချမ်းချမ်းရှိပါစေ။
ဘုန်းဘုန်းဦးသုနန္ဒ
ကိုလံဘိုမြို့။ သီရိလင်္ကာနိုင်ငံ၊ ၁၇. ၃. ၂၀၀၉ ၁၀း၄၇ Am

No comments:

Post a Comment