Tuesday, September 1, 2009

ဖွတ်မရ ဓား မ ရှုံး


ကဲဒီတစ်ခါတော့ ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်နော်
ရွာတစ်ရွာမှာ မောင်ပု ဆိုတဲ့လူတစ်ယောက်ရှိတယ်တဲ့။ သူက ရွာထိပ်မှာ တဲလေးထိုးပြီး တစ်ကိုယ်တည်းနေတယ်။ သူဟာ အရမ်းဆင်းရဲတယ် ပိုင်ဆိုမှုတွေကတော့ ထင်းခုတ်တဲ့ ဓားမ ကြီးတစ်ချောင်ရယ်။ ရေလှဲပုဆိုးပိုင်းတစ်ထည်၊ ခံမောက်တစ်ချပ်နဲ့ ဆေးလိပ်သောက်တဲ့
ဆေးတန်လေးတစ်ချောင်းပဲ ရှိတယ်တဲ့။
သူတို့ရွာက ရွာဦးကျောင်းဆရာတော် ဟာ ဗေဒင်ဟောရာမှာ အလွန်မှန်တယ်လို့ သတင်းကြီးတော့ အခြားရွာကလူတွေ နေ့စဉ်နဲ့အမျှ သူ တဲလေး ဘေးကနေဖြတ်သွားဖြတ်လာဖြစ်နေတယ်။ သူလည်း တစ်နေ့တော့ '' ငါ့မှာ ဆင်းရဲလိုက်တာလွန်ရော ဒီလိုဆင်းရဲတဲ့အခြေအနေကနေ လွတ်မြောက်ကိန်းရှိမရှိ ဆရာတောဆီ ဗေဒင်သွားကြည့်ခိုင်းရရင် ကောင်းမယ် '' လို့တွေးတယ်။ နောက်တစ်နေ့ ထန်းလျက်ခဲလေး အနည်းငယ်နဲ့ ဆရာတော်ကျောင်းကို သွားတယ်။ လူတွေများနေတော့ ဘေးနားမှာပဲ ကုပ်ကုပ်ကလေးထိုင်နေတယ်။ လူရှင်းသွားတော့ သူက ဆရာတော်နားကပ်ပြီး မ၀ံ့မရဲနဲ့မေးတယ် '' ဆရာတော်ဘုရား တပည့်တော် မှာ ဆင်းရဲလှပါတယ်ဘုရား၊ ချမ်းသာဖို့ ကိန်းလေးရှိမရှိ တပည့်တော်ရဲ့ ကံဇာတာကို စစ်ဆေးပေးပါဘုရား '' လို့လျှောက်တယ်။
ရွာဦးကျောင်းဆရာတော်က နည်းနည်းတွက်ချက်ပြီး '' ဟေ့ မောင်ပု မင့် ဒီထက်ဆင်းရဲ ဦးမယ် '' လို့ ဟောလိုက်သတဲ့။ ဒီအခါ မောင်ပုဟာ စိတ်မကောင်းတာရော သူကံကြမ္မာကို ခံပြင်းတာရော စိတ်မသက်မသာနဲ့ ပြန်လာတယ်။ သူ့စိတ်ထဲမှာတော့ '' ရွာဦးကျောင်းဆရာတော်ရဲ့ ဗေဒင်မှားကြောင်း တစ်နယ်လုံးသိအောင် ငါလုပ်ပြမယ် '' လို့ တွေးနေတယ်တဲ့။
နောက်တစ်နေ့တော့ သူထင်းခုတ်ရောင်းပြီးငွေစုမယ် ငွေများလာရင် ကြက်မလေးတစ်ကောင်ဝယ်မယ် နောက် ၀က်ဝယ်မွေးမယ် စတဲ့ စိတ်ကူးတွေနဲ့ ခံမောက်ကလေးဆောင်း ဆေးတန်လေးကိုက်။ ပုဆိုးအပိုတစ်ကွင်းကို လည်ပင်းမှာပတ်ပြီး တောထဲ ထင်းခုတ်သွားတယ်။
ခံပြင်းစိတ်နဲ့ခုတ်တာဆိုတော့ မနားတမ်းခုတ်တာ ထင်းတွေ တော်တော်ရလိုက်တယ်။ သူက ဒီနေ့အတွက် တစ်နိုင်စာ ထင်းတွေကိုစုစည်းလို့ ထင်းစည်းကိုထမ်းပြီး အိပ်အပြန် တောထဲကနေအထွက် ရေကလည်းဆာတော့ ရေသောက်ချင်လို့ ရေလိုက်ရှာတယ်။ တော်တော်နက်တဲ့ ရေတွင်းဟောင်းကြီးတွေ့တစ်တွင်းကိုတွေ့တော့ ထင်းစည်းလေးချပြီး ရေရှိလားလို့ ငုံ့ကြည့်လိုက်တော့ သူခေါင်းမှာ ဆောင်းထားတဲ့ ခမောက်က ရေတွင်းထဲ အကျ ပါးစပ်ကလည်း '' ဟိုက် '' လို့အော်ပြီးခံမောက်ကို လှမ်းအဆွဲ ခံမောက်ရော ပါးစပ်ကဆေးတန်ပါ ရေတွင်းထဲပြုတ်ကျသွားတယ်။
မောင်ပုလည်း စိတ်မသက်မသာနဲ့ ပြန်လာ မြစ်ကမ်းနံဘေး တောင်ပို့ ကြီးနားရောက်တော့ တော်တော်ကြီးတဲ့ ဖွတ် တစ်ကောင်ဟာ တောင်ပို့ အခေါင်းထဲဝင်သွားတာသူမြင်လိုက်တယ်။ နည်းတဲ့အကောင်ကြီးမဟုတ်ဖူး ဒီကောင်ကို ဟင်းဖေါ်ရောင်းရရင် ငွေတော့နည်းနည်းရတန်ရဲ့ ဆိုတဲ့အတွေးနဲ့ ဖွတ်ဝင်တဲ့ကျင်းကိုတူးဖို့ လုပ်တယ်။ မောင်ပု စဉ်းစားတယ် ဖွတ်ဆိုတဲ့အကောင်က တစ်ပေါက်ထဲမနေဘူး အခြားထွက်ပေါက်ရှိမယ်၊ ထွက်ပေါက်ကိုအရင်ပိတ်ပြီးမှ တူးတာပိုကောင်းတယ်လို့တွေးပြီး အပေါက်ရှာတော့ မြစ်ကမ်းဖက်မှာ အပေါက်တစ်ပေါက်တွေ့တော့ ဖွတ်မထွက်နိုင်အောင် သူ့ဆီပါတဲ့ ပုဆိုးတစ်ထည်နဲ့ ထွက်ပေါက်မှာ ထိုးသိပ်လို့ ပိတ်ထားပြီး ၀င်ပေါက်ကနေတူးတယ်။ နည်းနည်းလောက်ပဲတူးရရုံရှိသေးတယ် ဖွတ်အမြီးပိုင်းကို မြင်ရတော့ ဒီတစ်ခါတော့ သေချာပြီဆိုပြီး ဖွတ်အမြီးကိုလှမ်းအဆွဲ ဖွတ်ကလည်း ကြောက်ကြောက်လန့်လန့်နဲ့ ရှေ့တိုးထွက်တော့ သူ ပုဆိုးနဲ့ပိတ်ထားတဲ့အပေါက်ကနေ ဖွတ်ရော ပုဆိုးရော မြစ်ထဲကို '' ပလုံ '' ကနဲကျ သွားတယ်၊ သူလည်း သတိမေ့ပြီး လက်ထဲက ဓားနဲ့ လှမ်းပေါက်လိုက်တာ ဓါးပါ မြစ်ထဲ တစ်ခါတည်းကျပျောက်သွားတယ်တဲ့။
မောင်ပု တော်တော်စိတ်ပျက်သွားတယ်။ သူလုပ်သမျှ အရှူံးနဲ့ကြီး တွေ့နေရတယ်မို့လား....၊ စိတ်ပျက်လက်ပျက်နဲ့ ထင်းစည်းလေးထမ်းပြန်လာရတယ်။ ရွာနဲ့နီးလာတော့ သူကိုယ်မှာလည်း ချွေးနဲ့ အညစ်အကြေးတွေ ပေပွနေတော့ ရွာထဲမ၀င်ခင် ရေချိုးဦးမှလို့တွေးပြီး ရေစိုအ၀တ်လည်းမပါတော့ တောထုံးစံအတိုင်း သူပုဆိုးလေးချွတ်၊ ကမ်းပေါ်တင်ပြီး ရေချိုးနေတယ်။ သူရေချိုးရင် အတွေတွေလွန်သွားတယ်၊ ကဲ ပြန်ချိန်ရောက်ပြီ ဆိုပြီး အ၀တ်လှဲဖို့ ကမ်းပေါ်မှာ ထားခဲတဲ့ သူ့ပုဆိုးလေးကိုကြည့်လိုက်တော့ ဘယ်အချိန်က ရောက်နေမှန်းမသိလိုက်တဲ့ နွားတစ်ကောင်က သူပုဆိုးလေးကို ၀ါးချေ သွားတော့တယ်တဲ့။
မောင်ပုဟာ ကြံရာမရတော့ သစ်ခက်တွေကိုယ်မှာပတ်ပြီး ရွာပြန်လာရတယ်။ ဒီအခါ သူအတွေးပေါက်ပြိး ပြောလိုက်တာက .... '' အင်း ငါ့ကို ဒီထက်ဆင်းရဲဦးမယ်လို့ ဟောခဲ့တဲ့ ရွာဦးကျောင်းဆရာတော်ရဲ့ ဗေဒင် သိပ်မှန်ကွာ'' တဲ့...
အေးအေးချမ်းချမ်းရှိကြပါစေ။ ဘ၀မောတွေပြေကြပါစေ။

No comments:

Post a Comment