Sunday, August 16, 2009

ဒုတိယမေမေ


မေမေက ကျွန်တော့်ကို ခက်ခဲပင်ပန်းစွာနဲ့ လူ့လောက ကြီးထဲသွတ်သွင်းခဲ့တယ်။ မေမေနဲ့ အတူနေရတဲ့ အချိန်တွေမှာ လိုအပ်မှုဆိုဆာမရှိသလောက်ပဲ မေမေက အမြဲဖြည့်ဆည်းပေးခဲ့တယ်လေ။ နားလည်သိတတ်တဲ့အရွယ်အထိ မွေးမေမေရဲ့ အေးချမ်းမှုတွေကို ရရှိခဲ့တယ်။ ကျောင်းသားအရွယ် ပညာသင်ချိန်မှာတော့ မွေးမေမေနဲ့ ဝေးကွာသွားခဲ့ရတယ်။ ချစ်ခြင်းများစွာနဲ့ မေတ္တာတွေမပျက်ကြပေမဲ့ မေမေနဲ့ ကျွန်တော်က တစ်နေရာစီဝေးကွာလို့............ သတိရတမ်းတနေရတော့တယ်။
နောက်တော့ လောကအသစ်မှာ ဘ၀သစ်ကို တစ်ဖန်မွေးဖွါးပေးလိုက်ပြန်တာက အမေတစ်ယောက်
ငြိမ်းချမ်းတဲ့ကမ္ဘာမှာ ရပ်တည်ဖို့ စေတနာ မေတ္တာခွန်အားတွေနဲ့ လိုအပ်သမျှ ပံပိုးခဲ့တယ်။ ဒါဟာ ကျွန်တော်
့ဘ၀ရဲ့ ဒုတိယမေမေပေါ့။
ဒီအမေက ကျွန်တော့်ကို စိတ်ကြိုက်ရွေးချယ်ခွင့်တွေကို ပေးတယ်။ လွတ်လပ်စွာနေတဲ့ ကျွန်တော့ဘ၀ကို ဘယ်လိုအနှောင်အဖွဲမှမပေးဘူး ကျွန်တော်ကြိုက်တဲ့ လမ်းကို ရွေးချယ် ဖို့အမြဲပြောတယ်။ နောက်ကတော့ ဒီမေမေက အမြဲပံ့ပိုလို့ အားပေးနေတယ်။ ကျွန်တော့ဘ၀ရဲ့ သုံးပုံပုံ နှစ်ပုံနီးပါး ဒီမေမေရဲ့ စောင့်ရှောက်ပေးမှု အားပေးမှုတွေနဲ့ ရှင်သန်ရတယ်။ အပူသောကတွေများလွန်းတဲ့ ဒီလောကကြီးအတွင်းမှာ သောကကင်းအောင် ဘယ်လိုနေရမယ်ဆိုတာ ဒီမေမေက အလုပ်နဲ့သက်သေပြတယ်။
ကိုယ်တိုင်တရားထိုင်ပြတယ်။ အေးငြိမ်းမှုတွေကိုရှာဖို့ ပါးစပ်က မပြောဘူး ကိုယ်တိုင်လုပ်ပြီး ရှေ့ကနေဦးဆောင်မှုပေးတယ်။ လွန်ခဲ့တဲ့ ဆယ်စုနစ်တွေနဲ့မတူအောင်ကိုပဲ အခု ဒီမေမေရဲ့ မျက်နှာဟာ အရမ်းကို အေးချမ်းနေတယ်။ စိတ်ရဲ့အေးချမ်းမှုတွေဟာ မေမေမျက်နှာမှာ ထင်ဟတ်ပေါ်လွင်နေတယ်။ တရားဓမ္မနဲ့ လမ်းကြောင်းပြရုံတင်မက လိုအပ်အရာမှန်သမျှ ဖြည့်ဆည်းပေးတဲ့ ဒီမေမေကို လောကထဲစတင် မွေးဖွါးပေးတဲ့ မေမေလိုပဲ စိတ်ထဲမှတ်ယူမိတော့တယ်။
မေမေ အေးအေးချမ်းချမ်းရှိပါစေ။ ။

Friday, August 14, 2009

ဒုက္ခရှာသူ


ကြာပါပြီလေ...
ငါကိုယ်တိုင်
အချစ်ကို အပြစ်လို့ ယူဆထားခဲ့တယ်။

- တစ်ခါတစ်လေလည်း
ငတ်မွတ်နေတဲ့ချစ်ခြင်းများ
ဘယ်တော့များ ပြန်လည်မွေးဖွါးလာမလဲလို့
တိတ်တခိုး မျှော်လင့်မိပြန်ရော။

- တကယ်တော့လေ...
ဝေဒနာဆိုတာ ခံစားသူအတွက်ပါ
မင့်မုန်းလို့ ငါ ရှူံးရင်တောင်
မင့်မရှူံးအောင်
ငါအလျော့ပေးတယ်လို့ မှတ်
မင့်ပြုံးလို့ ငါငိုခဲ့ရင်တောင်
မင့်မငို ရအောင် ငါဖန်တီးပေးတယ်လို့မှတ်
မင့်မချစ်လို့
အပြစ်လို့မြင်ခဲ့မယ်ဆိုရင်
မင့်အပြစ်ကို ငါဖုံးကွယ်ခဲ့တယ်လို့မှတ်
ဖြူစင်တဲ့အချစ်ကို ငါပေးမယ်
တကယ်ချစ်ရင် အပြစ်ကင်းစင်တယ်
မင့်ဘာလုပ်လုပ် ငါချစ်တယ်
မင့် ဘာပြောပြော ငါသဘောကျတယ်
မင့်ဘာတွေးတွေး ငါအားပေးတယ်၊

-ချစ်သူ့အိမ်
သုဿာန်တစလို အကျည်းတန်နေရင်တောင်
နတ်ဘုံ အလား ငါခံစားမယ်
မင့်အတွက်ဆို ငါငိုရဲတယ်
ဘာပဲလိုလို ငါပံ့ပိုးမယ်
ငါတကယ်ရချင်တာက
ချစ်သူရဲ့ သန့်စင်သောအပြုံးပန်းတစ်ပွင့်
ငါ့ နှလုံးအိမ်မှာ ထိုးစိုက်ထားချင်တယ်....။ ။

နှင်းဆီ


ရှေးစာဆိုရှင်များက နှင်းဆီကို တော်ဝင် နှင်းဆီလို့ တင်စားခဲ့ကြတယ်။ နှင်းဆီဟာ ဂုဏ်မြင့်သူတွေရဲ့ ပြရုပ်တစ်ခုလို့ ဆိုရင်တောင်ရမလားမသိဘူး-
-လယ်တောကအပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး။
-မနက်တုန်းဆီက
ကျော့ဆုံးကို မောင်မြင်တော့
သူဆံတွင် နှင်းဆီပွင့်ရယ်နှင့်
ဂုဏ်တင့်တယ်လေး။ ။
နှင်းဆီဟာ ခရေထက် ဂုဏ်ရှိတယ်တဲ့ ဒါပေမဲ့ ဘာကြောင့်ရယ်မသိဘူး ကျွန်တော်ကတော့
ခရေပန်းကို မြတ်နိုးတယ်။ ဘာကြောင့်လည်းဆိုတော့ ခရေ ပန်းပွင့်လေးတွေဟာ အလှမပီပေမဲ့
ဆူးနှင်းဆီထက်တော့ ရနံ့ကမွေးတယ်လေ။ ခြောက်သွေ့သွားသည့်တိုင် ရနံ့လေးက သင်းသင်းကြိုင်လို့ပေါ့။ နှင်းဆီးနဲ့ ခရေ အပြေးပြိုင်ကြစတမ်းဆို ကိုယ်က ခရေရဲ့ ပရိတ်သလေ။ ဒါပေမဲ့ နှင်းဆီကို မမုန်းပါဘူး နှင်းဆီက ဂုဏ်မြင့်လွန်းတော့ ကိုယ်နဲ့မထိုက်တန်သလိုမျိုးမို့ ဘ၀တူ ခရေလေးနဲ့ပဲ မှေးစက်ပါရစေတော့နော်။

Thursday, August 13, 2009

မေမေ


''မေမေ'' ရေ...........
-ရေ အေးအေးလေးတစ်ခွက်
အမေ့ လက်နဲ့ တိုက်ပေးပါ။

-အမေ ၀ါးကျွေးတဲ့ ထမင်းဖြူတစ်ဆုပ်ကို
တရုတ် ဆိုင်က ထမင်းထက် သတိရနေတာ သား လေးပေါ့။

-အမေချုပ်ပေးတဲ့ အင်္ကျီလေးက
သားဘ၀ကို နွေးထွေးစေတယ်။

-သား ကျောင်းပြေးတော့
အမေ သားကိုရိုက်ပြီး
တိတ်တခိုး ရှိုက်ငိုနေတာ သားသိတယ်။

-ကျောင်းတက်ရန် မြို့သွားဖို့ လိုက်အပို့မှာ
ကားမထွက်ခင် မျက်ရည်စို့တာ သားမြင်တယ်။

-သား ဘွဲ့ယူချိန် အမေ့မျက်နှာ
စန္ဒာလမင်း ရှုံးလောက်အောင်
အပြုံးရောင်တွေတလက်လက်
ဆံ ပင်ဖြူ အသက်ကြိးပေမဲ့
မရင့်ကျက်သေးတဲ့ ကလေးသူငယ်လိုပဲ
သားအတွက် ချစ်ခြင်းမှာတော့ နုနေဆဲ...၊

-ခုချိန်မှာကား..........
နိုင်ငံရပ်ခြား၊ တိုင်းတစ်ပါးမှာ
ခွဲခွါလို့သာ၊ နေရပါသည်
ဌာနေကိုလွမ်း၊ မျှော်ကာမှန်းလို့
တမ်းတစိတ်မှာ ၊ မဖြေသာပြီ
ရင်မှာမောပန်း ၊ ပြန်လမ်းကိုမျှော်
အခွင့်ပေါ်သော်၊ ပျော်ပျော်ရွှင်ရွှင်
သားပြန်ချင်သည်..............
ရွာအ၀င်မှာ-
အမေလာကြိုလှည့်ပါနော်။





ကြောင်မလေး


ကြောင်ချစ်တဲ့ သူငယ်ချင်းတစ်ယောက်ကို ကြောင်မလေးလို့ ခေါ်တဲ့အခါ သူက ချစ်စနိုးလေးနဲ့ '' ဝေါင်း '' '' ညောင် '' လို့ ပြန်အော်တတ်တယ်။ သစ်ပင်တက်တာကတော့ တကယ့်ကြောင်တစ်ကောင်လိုပဲ ပိတောက်ပင်ပေါ်တက်တဲ့နေရာမှာ သူဟာ အရမ်းလျင်မြင်တဲ့ သူပေါ့။ ဟင်းသီးဟင်းရွက် ခူးရင်လည်း ကိုယ်တိုင် တက်ခူးလေ့ရှိတယ်။
တကယ်တော့ သူဟာ ပျော်ရွှင်စွာနေတတ်သူလေးပါ။ စကားနိုင်ပြောရင် အနိုင်ရမှ ကျေနပ်တဲ့ သူမျိုး ဒါကြောင့် သူနဲ့ စကားပြောရင် အမြဲတမ်းအနိုင်ပေးရတယ်။ '' နင်ထက် ငါသာတယ် '' လို့ပြောမိရင် '' တစ်ခုပို '' ဆိုပြီး အနိုင်နဲ့ ပိုင်းတတ်သူပေါ့။ ဒီလိုနဲ့ ပဲ ကိုယ်ပါရောပြီး ကြောင်ကိုချစ်မိသွားတော့တယ်။
ကြောင်မလေး အေးချမ်းပါစေ။

Wednesday, August 12, 2009

သီချင်းလေးနားထောင်လိုက်ပါဦး

တစ်ခါတစ်ခါ ဘယ်သူ့ကိုလွမ်းရမှန်းမသိဘူး စိတ်ထဲမှာ လွမ်းလွမ်းဆွေးဆွေးခံစားနေရတယ် တဲ့ ဒီသီချင်းလေးကို နားထောင်ပြီးရင်တော့ ဟို .....စိုင်းထီးဆိုင်သီချင်းလို '' နဂိုက ရှိပြီးသား အလွမ်းအဆွေး ဓာတ်ကို '' ဆွ '' ပေးလိုက်သလိုပဲ ... အပြင်မှာ ပူသလို ရင်မှာပူလာရင် ခက်လှချည်ရဲ့'' ........အဲ့လိုဖြစ်လာရင်တော့ တရားခံမရှာနဲ့နော်။ အေးချမ်းပါစေ။

Tuesday, August 11, 2009

ပရိုဂရန် ရဲ့ မြန်နှုန်းကို မြှင့်တင်ချင်တယ်ဆိုရင်

- Screen ရဲ့ အောက်ခြေမှာရှိတဲ့ ‘taskbar’ ကို Right click လုပ်ပါ။
- ပေါ်လာတဲ့ box ထဲက ‘Task Manager’ ရွေးပါ။
- ‘Task Manager’ ထဲကမှ ‘process tab’ ကို ရွေးချယ်ပါ။ ကိုယ့် ပီစီထဲမှာ ရှိတဲ့ ပရိုဂရမ်တွေ၊ browser တွေ ပေါ်ထွက် လာပါလိမ့်မယ်။
- ကိုယ် မကြာခဏ သုံးစွဲလေ့ရှိတဲ့ ပရိုဂရမ်ပေါ်မှာ “Right Click” နှိပ်ပါ။
- ‘pirority’ ကို High လုပ်လိုက်ပါ။
- ကိုယ်သုံးစွဲတဲ့ ပရိုဂရမ်ဟာ သိသိသာသာ အမြန်နှုန်း မြင့်တက်လာပါလိမ့်မယ်။